Monday, November 6, 2017

ထိုးစစ်ဆင် တိုက်ခိုက်မှုများနဲ့ NCA ပြဿနာ

ဝင်းဇော်နိုင်

“ထိုးစစ်ဆင်မှု ချက်ချင်းရပ်၊ ပြည်တွင်းစစ်ချက်ချင်းရပ်၊ တိုင်းပြည်လည်းမွဲစိတ်ဝမ်းကွဲလို့ စစ်ပွဲတွေရပ်သင့်ပြီ၊ တချို့တွေ နေနိုင်လွန်းတယ်၊ ကမ္ဘာတည်ရှိသ၍ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ”စာသားများပါဝင်တဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာအောက်တိုဘာ ၈ ရက်နေ့ကရန်ကုန်မြို့ ဆူးလေးဘုရားအနီး မဟာဗန္ဓုလပန်းခြံဘေးမှာကချင်ပြည်နယ်တွင် တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ ကြပါတယ်။
 
စက်တင်ဘာလကစတင်ပြီးကချင်ပြည်နယ်တွင် တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများအနည်းငယ် ပြုလုပ် လာရာမှ အောက်တိုဘာလပထမပတ်အတွင်းလေယာဉ်များကို အသုံးပြုပြီး စခန်းသိမ်း တိုက်ပွဲများပြု လုပ်လာတာတွေ့ရပါတယ်။ တပ်မတော်ရဲ့ လက်နက်ကြီး ပစ်မှုကြောင့်လည်းအသက်တစ်နှစ် ကိုးလအရွယ် မန်ရှန်ဇုန်းမျှော်တစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်။



“ရော့ ခင်ဗျားယူချင်တဲ့ အသက်တွေကိုယူ ကျုပ်တို့တိုင်းရင်းသားအသတ်တွေ လာမထိနဲ့ ၊ စစ်တပ်ဆိုပြီးလူမျိုးပေါင်းစုံမပါဘဲနဲ့ စစ်တပ်လာမလုပ်နဲ့ ၊ ငါတို့ တိုင်းရင်းသားပေါင်းစုံ အားလုံးနေထိုင်တာအရောင်စုံအသွေးစုံရှိတယ်၊ငါတို့ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ကြတယ် ”လို့ စစ်ပွဲများရပ်တန့်ရေးဆန္ဒပြပွဲမှာ နိုင်ငံရေးအကျဉ်းသားဟောင်းကိုစန်းဇော်ထွေးက သရုပ်ဆောင် စစ်အဝတ်အစား ဝတ်ထားသူတစ်ယောက်ကိုလက်ညှိုးထိုးပြီးပြောပါတယ်။ “စစ်တပ်ဆိုပြီးတော့ လူတစ်ဦးတစ်ယောက်ကိုကာကွယ်ဖို့ကြီးလုပ်မနေနဲ့ ”

ကချင်ပြည်နယ်တွင် တပ်မတော်ကထိုးစစ်ဆင်မှုများပြုလုပ်နေခြင်းနဲ့ အခြားတိုင်းရင်းသား လက်နက် ကိုင်တို့နဲ့ ဖြစ်ပွားနေတဲ့ အပစ်အခတ်များဟာတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေး သဘောတူစာချုပ် (NCA)ကိုလက်မှတ်မရေးထိုးသည့်အတွက် တိုက်နေခြင်းနဲ့ NCA လက်မှတ်ရေးထိုးရေး ဖိအားပေးနေခြင်းဖြစ်တယ်လို့ တိုင်းရင်းသားအရေးလေ့လာသူများကဝေဖန်ပြောဆိုနေကြပါတယ်။ ထိုးစစ်တွေကြောင့်လည်း ငြိမ်းချမ်းရေးဟာနောက်ဆုတ်သွားနိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ NCA စာချုပ်ကိုဘာ့ကြောင့်လက်မှတ်မထိုးလည်း  ဆိုတာမေး စရာရှိပါတယ်၊ အားလုံးသိနေတာကတိုင်းရင်းသားလက်နက်ကိုင် အားလုံးကို မပါဝင်သောကြောင့် ဖြစ်ပါတယ်။ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကတော့ NCA စာချုပ်ပါ အချက်တချို့ကိုမကြိုက်တဲ့အတွက်ပြုပြင်ချင်တာမျိုးလည်းရှိပါတယ်။

NCA စာချုပ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုထိမရအောင်တစ်မျိုးလှည့်ရေးထားတာမျိုးတွေရှိပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေဟာတိုင်းရင်းသားအားလုံးပါဝင်လက်မှတ်ရေးထိုးရေးအပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းလက်မခံကျပါဘူး၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကလည်းNCA မူအတိုင်းဖော်ဆောင်တာဖြစ်ပါတယ်။

NCA စာချုပ်ပါ အပိုဒ် ၂၁ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆ နှင့် တပ်မတော်ရဲ့ မူဝါဒ ၆ ရပ်ထဲကအမှတ် ၆ ကိုပုံစံတစ်မျိုးနဲ့ လှည့်ရေးထားခြင်းဖြစ်ပြီး၊ NCA စာချုပ်ပါ အပိုဒ် ၂၂ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကိုစာသားတစ်မျိုးနဲ့ ပြောင်းရေးထားခြင်းဖြစ်တဲ့အတွက် ပြင်ဆင်မှရမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ သဘေားထားကိုတွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလွင်ကပြောပါတယ်။

“NCA ကိုမပြင်ဘူးဆိုလို့ရှိရင် မပြင်ဘဲနဲ့ လက်မှတ်ထိုးမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဟာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲကဘဲအနာခံပြီးလုပ်သွားပါ့မယ်လို့ သဘောတူရာရောက်တယ်” လို့ ဗိုလ်မှူးစောလွင်ကရှင်းပြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ KNU၊ DKBA ၊ ABSDF ၊ CNF ၊ PNLO၊ ALP၊ RCSS ၊ KNU/KNLA-PC တို့က NCA စာချုပ်ကို ပြီးခဲ့သည့် အစိုးရလက်ထက်တွင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ AA ၊ TNLA ၊MNDAA  တို့မြောက်ပိုင်းသုံးဖွဲ့ကိုအစိုးရကလက်မှတ်ထိုးရာတွင် မပါဝင်စေခြင်း၊ UWSA၊ LUD၊ WNO တို့ကိုလက်မှတ်ထိုးရာတွင် မပါဝင်ခြင်းတို့ကြောင်း UNFC (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင် KIA၊ SSPP၊ KNPP၊ NMSP စသည်တို့က လက်မှတ် မရေးထိုး ကြခြင်းဖြစ်ပါတယ်။ NCA လက်မှတ်မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် အစိုးရဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် ရရှိတော့မှာမဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံပထမအစည်းအဝေးကိုတပ်မတော်၊ အစိုးရ ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများကိုဖိတ်ကြားပြီးနေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC-ll)တွင် သြဂုတ်လ ၃၁ ရက်မှ စတင်ပြီးစက်တင်ဘာ ၃ ရက်နေ့အထိကျင်းပခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံပထမအစည်းအဝေးပြီးဒုတိယအစည်းအဝေးကို ၆ လအကြာနောက်တစ်ကြိမ်ထပ်မံကျင်းပမည်ဖြစ်ပြီး ကြားကာလတွင် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် NCA လက်မှတ်ထိုးပြီးအဖွဲ့မှ ကိုယ်စားလှယ်များသာ တက်ရောက် ရမှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ကရှေ့ ဆက်သွားမည့် ငြိမ်းချမ်းရေး   လုပ်ငန်းစဉ်ကို NCA စာချုပ်အတိုင်းဆက်လက်အကောင်အထည် ဖော်ကြမည်ဖြစ်ပြီး၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း လက်မှတ်ထိုးဖို့ အတွက် တိုက်တွန်းထားပါတယ်။

လက်မှတ်မထိုးရသေးသည့် UNFC အဖွဲ့ဝင်များနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်များက NCA ကိုပြုလွယ်ပြင်လွယ်ထားပြီး၊တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်(Frame Work) တွင်ပါရှိသည့် အစုအဖွဲ့ကိစ္စများဆွေးနွေး တိုင်ပင်ပြီးသဘော တူညီမှုရပါက လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ၂၁ ပင်လုံညီလာခံအပြီးတိုင်းရင်းသားကိုယ်စားလှယ်များနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ချင်းမိုင်တွင် တစ်ခါတွေ့ဆုံပြီးဆွေးနွေးခဲ့ကြရာမှာတော့ သဘောတူညီမှုမရရှိသေးတဲ့အတွက် ဆက်လက်ဆွေးနွေးရအုံးမယ်လို့ သိရပါတယ်။

NCA စာချုပ်တွင် အခန်း (၇) ခန်းပါရှိပြီးအပိုဒ် (၃၃) ပိုဒ်ရှိပါတယ်။ အခန်း (၅) တွင် နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်းအပိုဒ် (၂၀) တွင် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများသည် နိုင်ငံရေးလမ်းပြမြေပုံနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကိုသဘောတူသည်-
(က) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း။
(ခ) အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက “နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်”(The Framework For Political Dialogue) ကိုရေးဆွဲသဘောတူညီမှုရယူခြင်း။
(ဂ) ထိုမူဘောင်ကိုအခြေခံ၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ လုံခြုံရေးဆိုင်ရာ ပြည်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကိုညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက်သဘောတူညီသော ကြိုတင်ဆောင်ရွက်  ဖွယ်ရာများကိုလုပ်ဆောင်ခြင်း။

(ဃ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း။
(င)ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း။
(စ) ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။
(ဆ) ပြည်ထောင်စုသဘောတူစာချုပ် (PyidaungsuAccord ) ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြည်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင် ရွက်ခြင်းတို့ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲရေးအစဉ်ထာဝရ ငြိမ်းချမ်းရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးတစ်ကြီးလိုအပ်နေတာကတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေကအစိုးရနဲ့ စစ်တပ်ကိုယုံကြည်ဖို့လိုပါတယ်။

အစိုးရကိုယ်တိုင်ကလည်းယုံကြည်မှုတည်ဆောက်မယ်ဆိုတာမျိုးပြောကြားထားတာရှိပါတယ်။ ဒါပေမယ့် အခုတော့ NCA စာချုပ်ထိုးပြီးသားဖွဲ့တွေနဲ့လည်းတပ်မတော်ကတိုက်ပွဲတွေ ဖြစ်နေတာတွေ့နေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ RCSS/SSA နဲ့ အစိုးရဟာ NCA လက်မှတ်ထိုးပြီးနောက်ပိုင်းမှာတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်၊ အဓိကတော့ နယ်မြေဖြတ်သန်းသွားလာမှုတွေမှာ တပ်မတော်ဖက်က အကြောင်းမကြားတာတွေ လုပ်ငန်းစဉ်တွေကိုပျက်ကွက်ခဲ့တာတွေရှိလို့ တိုက်ပွဲတွေ ဖြစ်ရတာလို့လည်း RCSS မှ လူထုဆက်ဆံရေးတာဝန်ခံတစ်ဦးကလည်းပြောဖူးပါတယ်။

NCA စာချုပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ KIA ၊ SSPP/SSA ၊ TNLA အဖွဲ့တို့နဲ့လည်းတပ်မတော်ဟာအောက်တိုဘာလအတွင်းမှာတိုက်ခိုက်မှုတွေ များလာပါတယ်၊ ငြိမ်းချမ်းရေး ကြိုးပမ်းနေစဉ်အတွင်းတိုက်ပွဲတွေ ဖြစ်နေရခြင်းက ငြိမ်းချမ်းရေးကိုထိခိုက်မှာသေချာပါတယ်၊ တပ်မတော်ကတိုက်နေပေမယ့်လည်းအစိုးရကတော့ တိုက်ပွဲတွေ ပြင်းထန်နေခြင်းကိစ္စနဲ့ ပတ်သတ်ပြီးပြောဆိုသံမကြားရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းရှုးမြို့နယ် လွိုင်နှိုင်းတိုက်နယ် ၊ လွယ်နွဲ့တောင်ခြေမှာရှိတဲ့ (SSPP/SSA)စခန်းကို မြန်မာ့တပ်မတော်ကအောက်တိုဘာလအတွင်းမှာထိုးစစ်အနေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူတို့ကဆိုထားပါတယ်။ အောက်တိုဘာ ၁၊ ၄ ၊ ၈၊ ၉၊ ၁၀ ရက်နေ့များမှာလည်းကေအိုင်အေတပ်မဟာ (၂) တပ်ရင်း ၁၄၊ တပ်ရင်း ၆၊ တပ်မဟာ ၃ ၊ တပ်ရင်း ၁၂ ၊ တပ်ရင်း ၂၇ ၊ တပ်မဟာ ၄၊ တပ်မဟာ ၆၊ တပ်ရင်း ၂၊ တပ်ရင်း ၃၆ တို့နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ KIO အကြံပေးအဖွဲ့မှ သိရပါတယ်။

မြန်မာ့တပ်မတော်ဟာအောက်တိုဘာလ ၁၀ နေ့ထိဘာ့ကြောင့်တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ အစိုးရမှလည်းတိုက်ပွဲပြင်းထန်မှုများနဲ့ ပတ်သတ်ပြီးပြောဆိုသံမကြားရပါဘူး၊ တိုက်ပွဲအတွင်းမှာတပ်မတော်ဘက်မှ ရဟတ်ယဉ်များကိုလည်းအသုံးပြုပြီးတိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့မှာလည်းတပ်မတော်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အစိုးရအဖွဲ့ကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး NCA လက်မှတ်ထိုးရေး နှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာနေစဉ်မှာ တပ်မတော်ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေးဟာပျက်ပြားသွားနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA ထိုးလည်းတိုက်နေမထိုးလည်းတိုက်နေတဲ့ရင်  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာဝေးသထက် ဝေးနေတော့မှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်းမှာလက်နက်ကိုင် နှစ်ဖက်စစ်သားများသာထိခိုက်နစ်နာကြရသည်မဟုတ် ဒေသခံပြည်သူများလည်း ထိခိုက်နစ်နာမှုများ ကြုံတွေ့နေကြရပါတယ်၊ အမျိုးသမီး၊ ကလေးအားလုံးဟာ စစ်အတွင်းမှာဒုက္ခငရဲတွင်းကိုသက်ဆင်းနေကြရပါတယ်။ ပြည်တွင်းစစ်ကြီးအမြန်ရပ်စဲဖို့ ထိုးစစ်တွေ ရပ်ကြပါစို့၊အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် KIA Gidon တပ် စခန်းကိုဂျက်တိုက် လေယဉ် (၂) စီး ဖြင့်ပစ်ခတ်သွားမှုများရှိခဲ့လို့ ဖားကန့်မြို့နယ် ပြည်သူများကလည်းထိုးစစ်တွေ ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးလိုလားသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ တိုင်းရင်းသားလူငယ်များကလည်းရန်ကုန်၊ မန္တလေးအစရှိတဲ့ တိုင်းနဲ့ ပြည်နယ်များမှာလမ်းပေါ်ထွက် ငြိမ်းချမ်ရေးအတွက် တောင်းဆိုနေကြပါပြီ၊ လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်ရေးကြွေးကြော်သံတွေ ထပ်ကြားရဖို့လည်းရှိပါတယ်။

မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြပါစို့၊ တိုက်ပွဲဖြစ်ပွားရာဒေသအတွင်းမှ အမျိုးသမီးများ၊ ကလေးများ ငြိမ်းချမ်းဖို့၊ ပြည်တွင်းစစ်ကြီး ပြီးဆုံးဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြပါစို့၊ ထိုးစစ်များရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ရပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...