Monday, November 6, 2017

လုပ်ပွဲနဲ့ စစ်ပွဲ

ဝင်းဇော်နိုင်

မြန်မာ့တပ်မတော်နဲ့ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့တို့အပစ်အခတ်များကြောင့် တပ်မတော်သားများ အကျအရှုံးရှိသလို ဒေသခံပြည်သူလူထုလည်း ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်၊လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သတ်ပြီးတော့ လုံးဝ အလျော့ပေးမှာ မဟုတ်ဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။

“လောက်ကိုင်ဖြစ်စဉ်သည်အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်းကြားရှင်ဦးဆောင်သည့် ကိုးကန့်တိမ်းရှောင်အဖွဲ့သည်လောက်ကိုင်ဒေသအား တိုက်ခိုက်သိမ်းပိုက် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အားဖြုတ်ချ၍ အာဏာသိမ်းရန်ဖြစ်ကြောင်း၊နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်းတစ်ခုအား တိုက်ခိုက်လာခြင်းဖြစ်၍ တပ်မတော်အနေဖြင့်လုံးဝ လက်မခံနိုင်ကြောင်း၊ လုံးဝလျော့၍မရကြောင်း” ကာကွယ်ရေးဦးစီးချုပ်က ပြောထားပါတယ်။



ဖေဖော်ဝါရီလ၉ရက်နေ့မှစတင်ကာ ဖြစ်ပွားခဲ့သော ဖုန်းကြားရှင်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲများကတော့၃ ရက်အတွင်းကို တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်တယ်ဆိုတော့ အပြင်းအထန်အနေအထားဖြစ်ပါတယ်။လောက်ကိုင်မြို့မှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပါတယ်၊ လားရှိုးနှင့် မန္တလေးမြို့များတွင်လောက်ကိုင်မှ စစ်ဘေးရှောင်များ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့အခြားတိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့ကို သိမ်းပိုက်ပြီးအစိုးရအကျပ်အတည်းဖြစ်စေရေး ရည်မှန်းချက်ထားပြီး ဆောင်ရွတ်ခဲ့တာတွေကို တပ်မတော်က တားဆီးနိုင်ခဲ့တယ်ဆိုတဲ့သဘေားထားတွေကိုလည်း အစိုးရသတင်းမီဒီယာတွေက ကြေညာခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ကိုးကန့်တပ်ဖွဲ့နဲ့ အတူ တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)၊ ရက္ခိုင့်တပ်မတော်(AA) ၊ရှမ်းပြည်တပ်မတော်(SSA) တို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နှံ့နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သတ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့“မိမိတို့ ရရှိထားသော အထောက်အထားများအရ လောက်ကိုင်ဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ပါဝင်နေမှုများရှိနေ၍ ယင်းအတွက်လည်း သက်ဆိုင်ရာ အဖွဲ့များအနေဖြင့် တာဝန်ယူရမှာဖြစ်ကြောင်း”ပြောကြားထားပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားနေကြချိန်မှာ နယ်စပ်ဒေသတွေမှာတော့ စစ်ဘေးရှောင်တွေပိုများလာနေသလိုတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ချို့နဲ့ သမ္မတဦးသိန်းစိန်အပါအ၀င်ခေါင်းဆောင်တွေကတော့၆၈ နှစ်မြောက်ပြည်ထောင်စုနေ့မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်  နေပြည်တော်မှာ လက်မှတ်ထိုးကြပါတယ်။
၆၈ နှစ်မြောက်ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးအတွက် ကတိပြုချက်  လက်မှတ်ထိုးတာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှ ဦးအောင်နိုင်ဦးကတော့ “ပြည်ထောင်စုနေ့မှာလက်မှတ်ထိုးတာကတော့ သမ္မတက အရင်က ဖက်ဒရယ်လုပ်မယ်လိုပြောတာတွေရှိတယ်၊ ပါးစပ်နဲ့ ပြောနေတာပေါ့အခုလက်မှတ်ထိုးတာကတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးပွဲတစ်ခုပါဘဲ၊ သဘောတူညီချက်လက်မှတ်မဟုတ်ပေမယ့် ကတိက၀တ်ဘဲလေ ဘယ်အစိုးရတက်တက် ဒါကို ဆက်လက်လုပ်ဆောင်ရတော့မှာပါ ”လို့ ပြောထားပါတယ်။

လက်မှတ်ထိုးပွဲတွေလုပ်နေသလို အပစ်အခတ်တွေလည်း လုပ်နေကြတာ အားလုံးသိကြပါတယ်၊ ဘာ့ကြောင့်လည်းဆိုရင်တော့တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်မထိုးနိုင်ကြလို့ပဲဖြစ်ပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးဖို့ဆိုတာလည်း တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေ အပြည့်အ၀ရှိဖို့လိုပါတယ်၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကတော့ နယ်စပ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာအစိုးရတပ်မတော်က လေယဉ်သုံးတာတွေနဲ့ ပတ်သတ်ပြီး ပြောဆိုနေတာတွေကတော့ ယုံကြည်မှုကို ပျက်ပြားတဲ့သဘောဆောင်နေပါတယ်။

အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများနဲ့ ပတ်သတ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဦဒေါင်ခါးက “တိုက်ပွဲက ကချင်ပြည်နယ်မှာလည်းအစိုးရဘက်က လက်နက်ကြီးတွေနဲ့ ၁၁ ၊ ၁၂ ရက်မှာလည်း တောက်လျှောက်ပစ်နေတာပဲ၊ ကိုးကန့်မှာလည်းတိုက်နေကြတယ်။ ဒီအပစ်ရပ်ကိစ္စမှာ ရှင်းရှင်းလေးပဲမြင်တယ်၊ အခု NCCT နဲ့ UPWC နဲ့ ညှိနှိုင်းဆွေးနွေးရေးကိုပိုပြီး အားကောင်းအောင်လုပ်သွားဖို့ပဲ ။

စစ်ရေးကို ထိုးစစ်အသွင်ဆောင်သော လှုပ်ရှားမှုကိုအားလုံးရပ်သွားဖို့ဒါဘဲ၊ လေယဉ်သုံးပြီးတိုက်တဲ့စစ်ဟာ တစ်ဖက်ချင်းပဲတိုက်တိုက်၊ ရည်ရွယ်ချက်ရှိရှိနဲ့တိုက်တိုက်၊ မရှိဘဲနဲ့ပဲ တိုက်တိုက်၊ ဒါသည် တိုင်းရင်းသားအားလုံးရဲ့ ရင်ထဲမှာ ခံပြင်းမှုကိုပိုပြီးဖြစ်စေတယ်။ ဒါက လုံးဝတရားတဲ့ စစ်မဟုတ်ဘူး၊ နိုင်ငံရေးအရ မတရားတဲ့ ကြားထဲမှာမတရားတာတွေက ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေရတယ်” လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေကတော့စစ်မှန်တဲ့ နိုင်ငံရေးအရ ဖြေရှုင်းဖို့ကိုပဲ တောင်းဆိုနေကြတာဖြစ်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ကြိုးစားနေကြတဲ့ အပစ်ရပ်လက်မှတ်မထိုးနိုင်ခင်ကာလအတွင်းမှာတော့ တိုက်ပွဲတွေ ရပ်တန့်သွားဖို့ မလွယ်တဲ့ အနေအထားဖြစ်နေပါတယ်။

သမ္မတကြီးပါဝင်ပြီးလက်မှတ်ထိုးထားတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာလည်း လက်တွေ့မှာတော့ အပစ်တွေ မရပ်နိုင်သေးပါဘူး၊အနာဂတ်အတွက် ရည်မှန်းချက်တစ်ခုသာဖြစ်လို့ လက်တလော နယ်စပ်ကတိုက်ပွဲတွေကိုတော့ ၂ ဖက်ကအင်အားတိုးချဲ့ပြီး သူနိုင်ကိုယ်နိုင် တိုက်နေကြတာဖြစ်ပါတယ်၊ မနိုင်လို့ဘဲ ဖြစ်ဖြစ်နိုင်လို့ပဲ ဖြစ်ဖြစ် တိုက်ပွဲဖြစ်ပြီဆိုကတည်းက ဒေသခံပြည်သူတွေနဲ့ လက်နက်ကိုင်အောက်ခြေတပ်သားတွေမှာတော့ အသက်အိုးအိမ် စည်းစိမ်တွေ စွန့်လွှတ်နေကြရတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားရာဝန်းကျင်က ဒေသခံတွေကတော့ သေနတ်သံတွေရပ်ပေးဖို့၊ အေးအေးချမ်းချမ်း စားသောက်နေထိုင်နိုင်ဖို့ပဲသူတို့တောင်းဆိုကြမှာပါ၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်းလေးနေထိုင်ပြီးရှင်သန်ချင်ကြမှာပါ၊ ဒေသခံ ပြည်သူတွေမှာတော့ တိုက်ပွဲအောင်လို့လဲ နာမည်တွေ ဂုဏ်ထူးတွေရရှိမှာမဟုတ်ပါဘူး၊တိုက်ရင်း အသက်စွန့်သွားကြတဲ့ ရဲဘော်တွေကတည်း တိုင်းတပါးစစ်မဟုတ်ဘဲ ပြည်တွင်းစစ်မှာတိုက်နေကြရလို့အသက်စွန့်ရကျိုးနပ်မယ်မထင်ပါဘူး၊ အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကတိုက်ခိုက်တာတွေကို မလုပ်ကြဖို့ ပြည်သူ့မျက်နှာကြည့်ဖို့လိုနေပါပြီ၊ ၀ါသနာပါလို့ ပစ်နေတာမျိုးတော့မဖြစ်သင့်တော့ပါဘူး။

KNU ဗဟိုကော်မတီဝင်ဖဒိုမန်းငြိမ်းမောင်ကတော့ သမ္မတအပါအ၀င်လက်နက်ထိုးတဲ့ ကိစ္စ၊ အပစ်အခတ်ဖြစ်နေတာတွေနဲ့ ပတ်သတ်ပြီးပြောကြားထားတာကတော့ “နိုင်ငံတော် သမ္မတကြီး တစ်ယောက်လုံးထိုးတယ်။ လွတ်တော်ဥက္ကဌလည်းထိုးတယ်ဗျာ၊နိုင်ငံ့ခေါင်းဆောင်တွေလည်း ထိုးတယ်ဗျာ၊ ဒီဘက်က တိုင်းရင်းသား ခေါင်းဆောင်တွေလည်းထိုးတယ်၊အဲဒါမှ မခိုင်မာဘူးဆိုရင်လည်း  ဘယ်တက်နိုင်မလဲ။ပစ်နေခတ်နေတ်ယဆိုတာက ၀ါသနာပါလို့ ပစ်နေတာ ပေါ့ဗျာ၊ ပစ်လို့ မ၀သေးလို့ ပစ်နေတာပေါ့”လို့ ပြောပါတယ်။

အထက်ပိုင်းခေါင်းဆောင်တွေကကိုယ်တိုင်ပါဝင်တိုက်ခိုက်ချင်းမဟုတ်ဘဲ အောက်ခြေကို ပါးစပ်နဲ့အမိန့်ပေးတိုက်ခိုက်ကျဆိုတာနိုင်ငံရေးအရလည်း ပါချင်ပါမှာပါ၊ စီးပွားရေးအရလည်း ပါနိုင်ပါတယ်၊ လူတစ်ဦးချင်း မုန်းတီးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်၊  အဓိကတော့ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးလို့ တိုက်ပွဲတွေဖြစ်နေကြတာပါ၊ တိုက်ပွဲဖြစ်တိုင်းမှာ၂ဖက်အကျအဆုံးဆိုတာ ရှိနေမှာပါပဲ။အခုဖြစ်နေတဲ့ လောက်ကိုင်တိုက်ပွဲအတွင်း ၃ ရက်မြောက်နေ့မှာဘဲတပ်မတော်သား ၄၇ ဦးကျပြီး ၇၃ ဦးဒဏ်ရာရတယ်လို့ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

အခုဖြစ်နေတဲ့တိုက်ပွဲကတော့ သမ္မတဦးသိန်းစိန်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုတဲ့ စာချုပ်ကို နေပြည်တော်မှာလက်မှတ်ထိုးတယ်၊ ဦးသိန်းစိန် သမ္မတသက်တမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများထဲကအခုတစ်ကြိမ်ဖြစ်တာကတော့ တပ်မတော်သား အကျအဆုံးစာရင်းကတော့ အများဆုံးဖြစ်နေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးအတွက့်  အစိုးရအဖွဲ့က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်ကိုအရင်ဆုံးလုပ်ရမယ်လို့ ပြောထားပါတယ်၊ အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေသွားမယ်လို့ဆိုထားပါတယ်၊ အခုအပစ်ရပ် လက်မှတ်မထိုးနိုင်သေးလှိ အပစ်အခတ်တွေ ရှိနေတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

အခုလတ်တလောလောက်ကိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် တပ်မတော်သားများက သောင်းကျန်းသူများဟုသုံးနှုန်းထားတာတွေ့ရပါတယ်၊ ကိုးကန့်တိမ်းရှောင်အဖွဲ့ခေါင်းဆောင် ဖုန်းကြားရှင်အဖွဲ့ဟာတိုက်ပွဲများတွင် ဒုံးပစ်လောင်ချာနဲ့ လက်ပစ်ဗုံးအရေအတွက် များစွာသုံးနိုင်ပြီး လေယာဉ်ပစ်စက်သေနတ်ကြီးများကိုလည်းအဖွဲ့အားလုံးတွင် ဖြန့်ခွဲအသုံးပြုနိုင်ပါတယ်၊ လှုပ်ရှားမှုနှင့် တိုက်ပွဲအနေအထားမှာစနစ်တကျ ပြင်ဆင်လေ့ကျင့်ထားသူများဖြစ်ကြောင်းကို အစိုးရမီဒီယာက ထုတ်ပြန်ကြေညာပါတယ်။

အစိုးရကလည်းငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး လုပ်ဆောင်နေတာတွေကို ပြည်ထောင်စုနေ့မှာတော့ စားပွဲဝိုင်းအနေအထားအရလုပ်ဆောင်လိုက်ကြပါတယ်၊ တစ်ကယ်ဖြစ်နေတာနဲ့ လက်တွေ့ ကွာခြားချက်ရှိတာတော့ အမှန်ပါပဲ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုရင်ရာ သဘောတူညီချက်စာချုပ် (NCA) ကို ပြည်ထောင်စုနေ့တွင်အကောင်အထည်ဖော်နိုင်ခြင်းမရှိပေမယ့် ငြိမ်းချမ်းရေးအတွက် ကတိပြု ချက် လက်မှတ်ထိုးခဲ့ကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင် အားလုံးတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

နေပြည်တော်စားပွဲဝိုင်းကငြိမ်းချမ်းရေးအတွက် ကတိပြုချက် လက်မှတ်ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဌ၂ဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယ ဗိုလ်ချုပ်ကြီး ၃ဦး၊ နိုင်ငံရေးပါတီ ၅၅ ပါတီ၊ တိုင်းရင်းသားရေးရာဝန်ကြီးများနဲ့တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့တို့က ထိုးခဲ့ကြတာပါ။
ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှာ လက်မှတ်ထိုးတဲ့လေးဖွဲ့ကတော့ ကရင်အမျိုးအသားအစည်းအရုံး(KNU)၊ ကရင်အမျိုးအသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)တို့ပဲ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် များကတော့ကြို တင်ပြောဆိုထားခြင်းမရှိတဲ့အတွက် သက်ဆိုင်ရာအဖွဲ့ခေါင်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ညှိနှိုင်းပြီးမှသာ လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရအဖွဲ့ငြိမ်းချမ်းရေးဖော်ဆောင်နေသူတွေကလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့မှာ ၁၄ ဖွဲ့နဲ့ အပစ်ရပ်စဲရေး ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုး ထားနိုင်ပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအထားနဲ့ လက်မှတ်ထိုးနိုင်ဖို့ကို NCCT နဲ့ UPWC တို့က ဖော်ဆောင်နေကြတာဖြစ်ပါတယ်၊အပစ်ရပ်လက်မှတ်ထိုးထားချင်းမရှိသေးတဲ့ ကေအိုင်အိုကတော့ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသောနိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်ကာ တည်တံ့ခိုင်မြဲ ငြိမ်းချမ်းရေးတည်ဆောက်ရန် NCCT ကတွေ့ဆုံ ညှိနှိုင်းနေသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အောင်မြင်သည်အထိ ပူပေါင်းဆောင်ရွတ်သွားမယ်လို့ပြည်ထောင်စုနေ့မှာ သဘောထားထုတ်ပြန်ထားပါတယ်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြတဲ့ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော်၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ချင်းအမျိုးသားတပ်ဦး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ကချင်လွတ်မြောက်ရေးအဖွဲ့/တပ်မတော်၊ စတဲ့ အဖွဲ့၁၆ ဖွဲ့နဲ့ ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းကကချင်ပြည်နယ်လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသားညီလာခံကနေပြီး အပစ်ရပ်ကိစ္စတွေကို ဦးဆောင်ညှိနှိုင်းဆွေးနွေးဖို့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

တစ်ဖွဲ့ချင်း၊တစ်ဦးချင်း၊ ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်ရပ်တွေ လက်မှတ်ထိုးထားကြပေမယ့်လည်းအပစ်ရပ်ခြင်း မရှိသေးပါဘူး၊ ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးဖို့ဆိုရင်NCCT အဖွဲ့ဟာ အရေးကြီးပါတယ်။ပြည်ထောင်စုနေ့က လက်မှတ်ထိုးခဲ့ကြတဲ့ အဖွဲ့၎ဖွဲ့ဟာလည်းNCCT အဖွဲ့ဝင်များဖြစ်ပေမယ့် တစ်ဖွဲ့ချင်းသဘောထားဖြစ်သောကြောင့် လက်နက်ကိုင်တိုင်းရင်းသားအားလုံးသဘောတူညီချက်မဟုတ်တာ သေချာပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက်နယ်စပ်ဒေသမှာနေထိုင်ကြတဲ့ ပြည်သူများအတွက် အမြန်ဆုံး UPWC နဲ့ NCCT တို့ တွေ့ဆုံးဆွေးနွေးနိုင်ဖို့ပဲဖြစ်ပါတယ်၊ တွေ့ဆုံမှုတွေကနေ ညှိနှိုင်း ၊ နောက်ဆုံးတော့ အပစ်ရပ်လက်မှတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထိုးနိုင်တဲ့နေ့ကြမှာသာ သေနတ်သံတွေရပ်စဲသွားမှာဖြစ်ပါတယ်၊ စကားဝိုင်းမှာပြောနေတာတွေတစ်ကယ်တမ်းထိရောက်မှုရှိတယ်ဆိုရင်တော့လည်း ဒီကနေ့အချိန်မှာ စစ်ဘေးရှောင်တွေလည်း နေရပ်မှာအေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ကြမှာဖြစ်ပါတယ်။ နေပြည်တော်စားပွဲဝိုင်းက ပြည်ထောင်စုနေ့မှာထိုးတဲ့လက်မှတ်ဟာ တစ်နိုင်ငံလုံးအပစ်မရပ်နိုင်သေးဘူးဆိုတာလည်း အားလုံးသိကြပါတယ်။

ပြည်ထောင်စုနေ့နေပြည်တော်မှာ ထိုးတဲ့ လက်မှတ်နဲ့ ပတ်သတ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဒေါ်စောမြရာဇာလင်းက “အခုလို လက်မှတ်ထိုးတဲ့ ကိစ္စက အပြုသဘောဆောင်တယ်၊ ဒါပေမယ့် NCA (တစ်နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ကိုထိုးတာမဟုတ်သေးဘူး၊ NCA ကိုဆွေးနွေးရမယ့်စကားတွေရှိသေးတယ်၊ ထိုးဖို့ ကျန်သေးတယ်၊ မူဘောင်ဆိုတာ ကျယ်ပြန့်တယ်၊ ကျွန်မတို့ပြောတာကဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု အဲဒီပြည်ထောင်စုကို ကျွန်မတို့သွားမယ်၊NCCT နဲ့ UPWC တို့ကြားမှာ ပြန်ညှိဖို့ လိုသေးတယ် အဲဒါက အချိန်တော်တော်ကြာအုံးမယ်”လို့ပြောပါတယ်။

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့အချိန်ကြာလာတာနဲ့အမျှ တိုက်ပွဲတွေကလည်း ဖြစ်နေကြအုံးမယ်လို့ ပြောကြပါတယ်၊ အစိုးရတပ်မတော်ဟာကိုးကန့်တိမ်းရှောင်တစ်ဖွဲ့ထဲနဲ့ ဖြစ်နေတာမဟုတ်ဘဲ TNLA/KIO တို့နှင့်လဲ မကြာခန တိုက်ပွဲတွေဖြစ်နေပါတယ်။
အစိုးရဘက်ကသတင်းထုတ်ပြန်ချက်တွေအရတော့ နယ်မြေရှင်းလင်းရေးအတွက် လုပ်ဆောင်ရင်း ထိပ်တိုက်တွေ့ဆုံလို့မလွှဲမရှောင်သာလို့ တိုက်ပွဲတွေဖြစ်နေရတယ်လို့ဆိုပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်ဖက်ကလည်းတပ်မတော်က နယ်မြေစိုးမိုးရေးကိုအကြောင်းပြပြီး နယ်မြေတွေတိုးချဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တစ်ချို့ကလည်းဆိုပါတယ်။
ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း မှ  ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်ကတော့“တိုက်ပွဲကတော့ အနည်းငယ်ရှိနေမှာဘဲ ပြည်ထောင်စုငြိမ်းချမ်းရေး ထာဝရ ငြိမ်းချမ်းရေးအပြီးအပိုင် မရသေးသ၍ အောက်ခြေမှာ အထိအခိုက် ပွတ်တိုက်မှုတွေ နည်းနည်းပါးပါး ရှိနေအုံးမှာဘဲ”လို့ပြောပါတယ်။

ထာဝရ ငြိမ်းချမ်းရေးမရှိသေးသမျှ ကာလပတ်လုံး အပစ်အခတ်ရှိနေသမျှ သွေးစက်တွေကလည်း မြေကျနေအုံးမှာဖြစ်ပါတယ်၊ဒေါ်စောမြရာဇာလင်းကတော့ “သွေးတစ်စက်ကျတဲ့ အနေအထားကို ကျွန်မတို့ မလိုချင်တော့ဘူး” လို့ဆိုပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး၊သေနတ်သံတွေရပ်စဲရေး၊ စစ်ဘေးရှောင်တွေ ပပျောက်ရေး၊ ကျဆုံးတပ်မတော်သားတွေမရှိဖို့အတွက်တစ်နိုင်ငံလုံးအပစ်အခတ်ရပ်လက်မှတ်ထိုးဖို့ လိုနေပါပြီ၊ NCCT နဲ့ UPWC တို့ ၂၀၁၄ ခုနှစ်မှာပြောခဲ့ကြ တွေ့ဆုံကြ ဆွေးနွေးခဲ့ကြပါတယ်၊ ၂၀၁၄ အကုန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လက်မှတ်ထိုးနိုင်မယ်လို့လည်း ပြောခဲ့ကြပါတယ်၊ အခုလည်း ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်လက်မှတ်ထိုးပြီးနောက်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များ အမြန်ရေးဆွဲမယ်ဆိုတဲ့ အချက်ပါဝင်တဲ့ ၅ ချက်ကိုတော့သမ္မတကြီးဦးဆောင်ပြီး ပြည်ထောင်စုနေ့မှာတော့ လက်မှတ်ထိုးထားကြပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ငြိမ်းချမ်ရေးဖော်ဆောင်မှုတွေဟာ ၂၀၁၅ မှာ တစ်ကယ်ပဲ ဖြစ်လာတော့မလား၊ ဖြေရှင်းစရာပြဿနာတွေအများအပြားကို အစိုးရအ့ဖွဲ့အနေနဲ့ ဘယ်လိုဖော်ဆောင်ကြမလည်းဆိုတာ ပြည်သူတွေက စောင့်ကြည့်ရမယ့်ကိန်းပါပဲ။ အပစ်အရပ်တွေ မဖော်ဆောင်နိုင်ခင်၊ လက်မှတ်တွေမထိုးနိုင်ခင် လက်နက်ကိုင် ၂ဖက်အဖွဲ့အစည်းအနေနဲ့ဆက်ပစ်နေကျအုံးမှာလား၊ ဒေသခံပြည်သူတွေရဲ့ဘ၀ အောက်ခြေတပ်မတော်သားတွေရဲ့ လက်နက်ကိုင်အသေခံပြီးပစ်နေကျရတဲ့ဘ၀တွေကို ဘယ်လိုစဉ်းစားနေကျလဲဆိုတာ ပြည်သူလူထုက သိချင်နေပါတယ်၊ ဘယ်သူပဲသေသေ ပြည်သူတွေရင်ထဲတော့ စိတ်မကောင်းဖြစ်ကြရတာပါပဲ။

ငြိမ်းချမ်းရေး၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ နားထောင်လို့လည်းကောင်းပါတယ်၊တကယ့်လက်တွေ့မှာ ဖော်ဆောင်ရတာလည်း အခက်အခဲတွေ ရှိနေပါတယ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုငြိမ်းချမ်းရေး ရစေချင်တယ်ဆိုရင်တော့ ခေါင်းဆောင်တွေအနေနဲ့ စကားဝိုင်းအထက်က လက်မှတ်တွေကိုလက်တွေ့မှာ အကောင် အထည်ဖော်ဖို့လည်း လိုပါတယ်။ ပါးစပ်ကပြောနေတာတွေ လက်တွေ့လုပ်ဆောင်မှသာလျှင်အပြောနဲ့အလုပ် ညီမှာဖြစ်ပါတယ်။ အပြောနဲ့ အလုပ်မညီသမျှ ဒုက္ခတွေခံစားရမှာက ပြည်သူတွေသာဖြစ်ပါကြောင်း……………။  ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...