Monday, November 6, 2017

စစ်အုပ်ချုပ်ရေး ပြန်လည်ဦးမော့လာသော နေရာ

သစ္စာနိုင်

ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်နေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်တပ်ကရက်၉၀ စစ်အုပ်ချုပ်ရေးပြုလုပ်ထားပါတယ်။ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့ဘက်မှာတော့ တရုတ်ကြေးစားစစ်သားများ၊”၀” အဖွဲ့၊ မိုင်းလား၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာင်းလွတ်မြောက်ရေးတပ်မတော်စသဖြင့်တိုင်းရင်းသားလက်နက်ကိုင်များလည်း ပါဝင်နေတယ်လို့ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ၊ဓာတ်ပုံအထောက်အထားများနဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ခန်းမမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောလိုက်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာအမိန့်ပေးသံတွေကတော့ တရုတ်ဘာသာစကား၊ ကချင်ဘာသာစကား၊ ၀ဘာသာစကားတွေနဲ့ တိုက်ပွဲအတွင်းပါဝင်နေတဲ့အရာရှိစစ်သည်တွေဆီက ကြားရတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကဆိုပါတယ်၊ ဖမ်းဆီးရမိတဲ့အထဲမှာတရုတ်လူမျိုးတရားခံ ရှစ်ယောက် ပါနေလို့ သူတို့ဆီက ပြောကြားချက်တွေကတဆင့်လည်း သိရပါတယ်လို့ပြောပါတယ်။
ကိုးကန့်တိမ်းရှောင်အဖွဲ့နဲ့မြန်မာတပ်မတော်တို့ တိုက်ပွဲများက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြတာပါ၊ နယ်မြေစိုးမိုးရေးအတွက်တပ်မတော်က ကိုးကန့်ဒေသကို စစ်အုပ်ချုပ်ရေး ရက်ပေါင်းကိုးဆယ်လို့ ကြေညာထားပါတယ်။


သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရသက်တမ်း လေးနှစ်ကျော်အတွင်း ဘာသာရေးပဋိက္ခများကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းများရှိခဲ့သော်လည်း လောက်ကိုင်တိုက်ပွဲမှ စတင်ပြီး ဖြစ်ပေါ်လာတဲ့ တိုက်ခိုက် မှုများကြောင့်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် နိုင်ငံတော်သမ္မတရုံးကဥပဒေကဲ့သို့သော အာဏာတည်သော အမိန့်အမှတ် ၂/၂၀၁၅ ကိုထုတ်ပြန်၍ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ) အရ အထက်ပါ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုနဲ့ပတ်သတ်ပြီး ကရင်ပြည်သူ့ပါတီ ဒုဥက္ကဌ ဦးစောအေးကိုကတော့ “လက်ရှိအနေအထားအရတော့ စစ်အုပ်ချုပ်ရေးကိုယာယီအားဖြင့် လပ်ခံရမှာပါ၊ ဘာလို့လည်းဆိုတော့ အခုတိုက်ပွဲဖြစ်တာက ပြင်းထန်လွန်းပါတယ်၊ခွဲထွက်ချင်တဲ့ ပုံစံမျြိးဖြစ်နေတယ်၊ တစ်သီးတစ်သန့်ပုံစံမျိးတွေ ဖြစ်နေပါတယ်၊ ခွဲထွက်တာကိုတော့သဘောမတူပါဘူး” လို့ ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး ခြုံခိုတိုက်ခိုက်မှုတွေကတော့ ရှိနေစဲပါပဲ၊ ကိုးကန့်တိမ်းရှောင် အဖွဲ့ခေါင်းဆောင်ဖုန်းကြားရှင်ကလည်းကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြန်လည်ရယူမယ်လို့လည်း ပြောကြားထားတာတွေရှိပါတယ်။

အမှန်တရားနှင့်မျှတမှုအမျိုးသားပါတီဗဟိုကော်မတီနှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)စစ်ရေးကော်မတီမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သမ္မတထံသို့ အိတ်ဖွင့်စာ  ဆိုပြီး ဖေဖော်ဝါရီလ ၁၆ရက် ၂၀၁၅ ရက်စွဲနဲ့ စာတစ်စောင်မှာ ကိုးကန့်လူမျိုး၏ သမိုင်းပေးတာဝန်အရ MNDAA (ကိုးကန့်)သည်မိမိ၏ မွေးရာဇာတိမြေသို့ ပြန်လှမ်းခဲ့ရပါသည်လို့ ဖော်ပြထားပါတယ်။

ယင်းပေးစာထဲတွင်“ကိုးကန့် အထူးဒေသ (၁) သည် ကိုးကန့်တိုင်းရင်းသားများ၏ ဘိုးဘွားပိုင် မွေးရာဇာတိ မြေဖြစ်ပါသည်။ကျွန်ုပ်တို့အနေဖြင့် ဇာတိပြန်လမ်းခရီးသည် ခတ်ခဲပြီး ရှည်ဝေးမည်ဆိုသည်ကို သိသော် လည်းကိုးကန့် တိုင်းရင်းသား၏ ဇွဲလုံးလ ၀ီရိယဖြင့် ဘ၀တူ အခြားသော တိုင်းရင်းသား ညီအစ်ကို အပေါင်းတို့နှင့် လက်တွဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ မလွဲမသွေ လျှောက်လှမ်းပါမည်” လို့ရေးသား ထားပါတယ်။

အခုဆိုရင်ကိုးကန့်တိမ်းရှောင်အဖွဲ့ကလည်း ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေ လျှောက်လှမ်း ပါမယ်လို့ပြောထားပါတယ်ကိုးကန့်ကို ပြန်ရအောင် တိုက်ယူမယ်ဆိုတဲ့ အနေအထားဖြစ်နေပါတယ်၊ မြန်မာတပ်မတော်ကလည်းအခုကိစ္စဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တဲ့အတွက်ကြောင့် လုံးဝလက်မလျှော့ပေးနိုင်ဘူးလို့ပြောထားကျပါတယ်။

MNDAA တပ်ဖွဲ့ရဲ့ပေးစာထဲမှာ “တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ်အသုံးပြုပြီး ငြိမ်းချမ်းရေးတံခါးမကြီးကို ဖွင့်နိုင်ရန် တောင်းတပါသည်” လို့လည်း ဆိုထားပါတယ်၊ သမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သမ္မတထံ အိတ်ဖွင့်စာနဲ့ ပတ်သတ်ပြီး ”ကျွန်တော်တို့ဘက်ကလူမျိုးကြီးဝါဒဆိုတာလဲမရှိဘူး။ သူတို့ဒေသ ကို သူတို့လူမျိုးတွေကိုပဲ အုပ်ချုပ်ခွင့်ပေးထားတာလေ။အခုဟာကနိုင်ငံ တော်ရဲ့ အချုပ်အခြာ အာဏာကို သူတို့က လာစော်ကားတာ။ သူ့ရဲ့ အိတ် ဖွင့်ပေးစာအပေါ်မှာလဲ သမ္မတကြီးက လုံးဝအယုံအကြည်မရှိဘူး။ ဒါ ကြောင့်လဲ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးကိုကြေညာခဲ့တယ်။အစိုးရအနေနဲ့လဲ သူတို့နဲ့လုံးဝညှိနှိုင်းမှာမဟုတ်ဘူး” လို့ ပြောပါတယ်။

တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေတာတွေမှာ ဘယ်သူတွေ အကျိုးရှိသလဲ မသိရပေမယ့် အောက်ခြေတပ်မတော်သားတွေနဲ့ကျဆုံးနေတာတွေလည်း သိရပါတယ်၊ ဒေသခံပြည်သူတွေမှာတော့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ဘ၀ ရောက်သွားကြတာတော့အမှန်ပါပဲ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းက ပြည်သူတွေကတော့ တရုတ်နိုင်ငံထဲဒုက္ခသည်အဖြစ်နဲ့ ၀င်ရောက်နေတာတွေ ရှိသလို မန္တလေး လားရှိုးစတဲ့ မြို့များမှာလည်း ကောက်ကိုင်စစ်ဘေးဒုက္ခသည်တွေ ရောက်ရှိနေပါပြီ။

ဒဏ်ရာရတဲ့ဒေသခံတွေ စစ်ဖြစ်ဒေသထဲက ထွက်နိုင်ဖို့ ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ သွားကြတဲ့ ကြက်ခြေနီကားတွေကိုလည်းပစ်ခတ်တာတွေဖြစ်နေပါတယ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ညနေက လောက်ကိုင်မြို့က စစ်ဘေးဒုက္ခသည်၂၅၀ လောက်တင်လာတဲ့ ကွမ်းလုံးပရဟိတအဖွဲ့ဦးစီးတဲ့ ကြက်ခြေနီ ယာဉ်တန်းကို ချင်းရွှေဟော်နဲ့သုံးမိုင်ခန့်အကွာ ယာစိုကိုင်းရွာမှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်၊ ဒီပစ်ခတ်မှုကို ဖုန်းကြားရှင်အဖွဲ့ကလည်းမလုပ်ဘူးလို့ ဆိုထားပါတယ်၊ အပစ်ခံရတဲ့ ယာဉ်တန်းထဲမှာ သတင်းထောက်တွေလည်း ပါတယ်၊ ယာဉ်မောင်းတစ်ဦးလည်းဒဏ်ရာရရှိခဲ့ပါတယ်။

ကြက်ခြေနီယာဉ်တန်းပစ်ခတ်မှုတွေဟာ တစ်ခါနဲ့ ရပ်တန့်မသွားခဲ့ဘဲ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း နောက်တစ်ကြိမ်ထပ်မံအပစ်ခံရပြန်ပါတယ်၊ ကြက်ခြေနီအလံ လွှင့်ထားတဲ့ ဖီုးဝှီးကားကို အပစ်ခံရခြင်းဖြစ်ပါတယ်၊ဒီကားအဖုံးပေါ်မှာလည်း ကြက်ခြေနီ အလံတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ လောက်ကိုင်မြို့မှချင်းရွှေဟော်သို့ ပြန်လာစဉ် လုံထန်ရွာအနီးမှာ ပစ်ခံရခြင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ၂၁ ရက်နေ့ ကြက်ခြေနီယာဉ်ပေါ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင် ၂ဦး၊ သတင်းထောက် ၅ဦးနဲ့ ယာဉ်မောင်းတစ်ဦးတို့ပါရှိပါတယ်၊ လက်နက်ကြီးအပါအ၀င် လက်နက်ငယ်များဖြင့် တရစပ် ပစ်ခက်ခဲ့တယ်လို့ သိရပါတယ်၊ယာဉ်ပေါ်ပါရှိသူများထဲက ၄ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရရှိခဲ့တဲ့ ၄ဦးထဲတွင်  MRTV- 4 မှ သတင်းထောက် ကိုမြတ်သီဟရဲ့ လက်မောင်းတွင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး လောက်ကိုင်ကြက်ခြေနီဦးစီးမှူးမှာ လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်ပြီးယာဉ်မောင်းမှာတော့ ရင်ဘတ်ခါးတို့တွင် ကျည်ဆန်သုံးချက်မှန်ထားသောကြောင့် စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ်လို့လည်း သိရပါတယ်။

အပစ်ခံရတဲ့ကြက်ခြေနီယာဉ်ကို ချင်းရွှေဟော်အခြေစိုက် တပ်မ (၁၁) မှ တပ်ဖွဲ့ဝင်များရောက်လာပြီး ကြက်ခြေနီယာဉ်ကိုပစ်ခတ်နေသူများနှင့် တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့ပါတယ် ၊ တပ်မတော်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်၊အခုပစ်ခတ်မှုကိုတော့ ကိုးကန့်တိမ်းရှောင်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်တယ်လို့ ပြောဆိုမှုများလည်းရှိနေပါတယ်။

စစ်တပ်က ကိုးကန့်ဒေသကိုစစ်အုပ်ချုပ်ရေးပြုလုပ်ပြီးနောက်ပိုင်းမှာတော့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာအပစ်အခတ်တွေက ဒေသခံပြည်သူတွေရော၊ သတင်းထောက်တွေရော၊ တွေ့သမျှကား၊တွေ့သမျှလူကို ဘယ်သူမှတာဝန်ယူမှုမရှိဘဲပစ်တဲ့လူမသိရဘဲ ကျည်ဆံတွေသာ ထွက်လာပါတော့တယ်။

အခုဖြစ်နေတဲ့လောက်ကိုင်က စစ်ပွဲတွေနဲ့ပတ်သတ်ပြီး ဖုန်းကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့ကိုပါဝင်ပတ်သတ် ကူညီနေသူတွေ အများအပြားရှိတယ်လို့လည်း အစိုးရဘက်ကပြောထားပါတယ်။ ကိုးကန့်တိမ်းရှောင်အဖွဲ့ကိုအဓိကကူညီပံ့ပိုး နေတဲ့အထဲမှာ တရုတ်ပါဝင်ပတ်သတ်နေတယ်လို့ ပြောနေသူတွေလည်းရှိပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုစစ်အုပ်ချုပ်ရေးပြုလုပ်ပြီး အခုဆက်လက်ဖြစ်ပွားနေသော အပစ်အခတ်များမှာ အကျိုးစီးပွားတွေလည်းပါနေတယ်လို့အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ချို့က သုံးသပ်ထားပါတယ်၊ နယ်မြေအတွင်း သယံဇာတတွေကတော့ စစ်ဖြစ်ဖို့တွန်းအားတစ်ခုဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှဒေါ်ခွန်ဂျာကတော့ “၂၀၁၁ ခုနောက်ပိုင်း စစ်ပွဲတွေအားလုံးဟာ ၂၀၁၁ မတိုင်ခင် စစ်အစိုးရလက်ထက်နိုင်ငံခြားက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေး စာချုပ်ရှိတဲ့နေရာတွေဘဲ ဆိုတာမြင်တွေ့ရမှာပါ။ အဲဒီ Project တွေမှာလည်း တပ်မတော်ဘက်က အကျိုး အမြတ်ရထားတဲ့Project တွေပဲ။ ဖုန်းကြားရှင်ဝင်မလာလည်း Asia World နဲ့ ရေနံကွတ် ၂ခု စာချုပ်ရှိတဲ့ဒီနေရာကို တိုက်ဖို့ စစ်ကြောင်းတွေက ရှိပြီးသားပါ။ ဒီတော့ ဖားကန့်ဘက်မှာလည်း စစ်ကြောင်းတွေအရန်သင့်ရှိပြီးသားပါ ။ အာဆီယံ Summit မှာတရုတ်က အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်နိုင်ရင်မူဆယ်က Economic ဇုံဖြစ်လာမယ်လို့ ပြောထားတယ်။ လောက်ကိုင်နဲ့ မူဆယ်က နီးနီးလေးပါ၊ ပြီးတော့လောက်ကိုင်ကိစ္စမှာ အစိုးရတပ်တွေ လမ်းကြောင်းရှင်းတဲ့အခါ KIA နယ်တွေက ဖျက်လို့ KIA တွေနဲ့ထိပ်တိုက်တွေ့တာရှိတယ်၊ ဒါတွေက မဖြစ်သင့်ဘူး”လို့ ဆိုပါတယ်။

အစိုးရတပ်နဲ့တိုက်ပွဲအများဆုံးဖြစ်နေတာကတော့ တအာင်းလွတ်မြောက်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ပဲဖြစ်ကျပါတယ်။၂ဖက် အကျအဆုံးများနဲ့ စစ်အုပ်ချုပ်ရေးအဆင့်ရောက်သွားတာကတော့ လောက်ကိုင်စစ်ပွဲကစတဲ့ဖုန်းကြားရှင်ဦးဆောင်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) နဲ့တိုက်ပွဲတွေဖြစ်ပါတယ်၊ တိုက်ပွဲတွေဖြစ်တိုင်းမှာ အကျိုးစီးပွားတွေပါနေတာကတော့ ဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။

အစိုးရတပ်မတော်နဲ့ဖုန်းကြားရှင်တို့ ရဲ့ တိုက်ပွဲဖြစ်မှုတွေနဲ့ ပတ်သတ်ပြီးတော့  “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဌ ဦးညီပလုပ်ကတော့ “လက်ရှိစစ်အုပ်ချုပ်ရေးကြေညာ ထားတာပေါ့၊ ကျွန်တော့်အမြင်ကတော့ ကြာအုံးမှာပါ ချက်ခြင်းပြေလည်သွားမှာမဟုတ်ပါဘူး။ တိုက်ပွဲဖြစ်တာကတော့ အရင်က ငြိမ်းချမ်းရေးယူခဲ့ဖူးတဲံ ကိုးကန့်က ယုံကြည်ကိုးစားတဲ့ဖုန်ကြားရှင်နဲ့ ဖြစ်တာပေါ့။ အရင်က ပြဿနာတွေဖြစ်နိုင်တယ်၊ အရင်က သူုတိ့ အချင်းချင်းပြဿနာတွေ၊ စီးပွားရေး မပြေလည်တဲ့ ကိစ္စတွေကြောင့်တိုက်တာ ဖြစ်နိုင်တယ်” လို့ ဆိုပါတယ်။

အခုဖြစ်ပွားတဲ့လောက်ကိုင်တိုက်ပွဲကအစ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို စစ်အုပ်ချုပ်ရေးပြု လုပ်လိုက်တဲ့အချိန်တိုလေးအတွင်းမှာ သမ္မတဦးသိန်းစိန်အစိုးရသက်တမ်း လေးနှစ်ကျော်အတွင်းမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ပိုမိုထင်ရှားလာပါတော့တယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို  စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရန်ကုန်၊ မန္တလေးအစရှိတဲ့ မြို့ကြီးတွေမှာ မငြိမ်မသက်မှုတွေတွေဖြစ်လာမှာကိုတော့ အားလုံးက စိုးရိမ်နေကြပါတယ်၊နေရာတိုင်းမှာ အကြောင်းအမျိုးမျိုးပြ ဖော်ဆောင်လို့ရတဲ့ လူအများပါဝင်တဲ့ လှုပ်ရှားမှုတွေဖြစ်လာရင်သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က မထိမ်းသိမ်းနိုင်လို့ များ  စစ်တပ်က ထိမ်းသိမ်းလိုက်ကြမှာကို  စိုးရိမ်နေကြတာတွေရှိပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာလိုက်ချင်းနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း (သီပေါ) ကတော့“အခု လောက်ကိုင်မှာ စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာက ကျွန်တော်တို့ အမြင် အရပ်သား အုပ်ချုပ်မှုလုပ်လို့ မရတော့တဲ့အတွက် စစ်အုပ်ချုပ်ရေး ကြေငြာလိုက်တာ။ မဟုတ်ရင် စစ်မြေပြင် ဖြစ်တော့မှာ။ကိုးကန့်ဒေသမှာ စစ်အုပ်ချုပ်ရေးမှာ တရားဥပဒေအရ မဟုတ်ဘဲ အမျိုးသားရေးဖိနှိပ်တာ ဆိုရင်စိုးရိမ်ရတယ်။ အမှန်အတိုင်း တရားဥပဒေအတိုင်း ဆိုရင်တော့ စိုးရိမ်စရာက မရှိပါဘူး။ ဒီလိုမှ မဟုတ်ဘဲ ကိုးကန့်ဆို မယုံဘူး။ အရပ်သား တွေကို မယုံဘူး။ ပစ်မယ်။ ခိုးဝှက်တာ မျိုးတွေ လုပ်မယ်ဆိုရင်တော့ မကောင်းနိုင်ဘူးပေါ့”လို့ ပြောပါတယ်။

တပ်မတော်ရဲ့အခန်းကဏ္ဍ ပါဝင်ပတ်သတ်မှု မြင့်မားလာတာနဲ့အမျှ လောက်ကိုင်ကိစ္စကြောင့် စစ်အုပ်ချုပ်ရေးကလုပ်သင့်တယ်လို့ပြောကြပေမယ့် အခြားစီးပွားရေးနယ်ပယ်မှာ တပ်မတော် ပါဝင်ပတ်သတ်နေတာကိုတော့လိုလားမှုမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိနေပါတယ်။

စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကတော့ “လောက်ကိုင်အရေးမှာတော့တပ်မတော်အနေနဲ့ လုပ်သင့်တဲ့ အလုပ်တစ်ခုကို လုပ်တဲ့ ပုံစံမျိုးတွေ့ရတယ်။ ဒါပေမယ့် ဘယ်စနစ်နဲ့ဘဲအုပ်ချုပ်အုပ်ချုပ် တရား ဥပဒေစိုးမိုးဖို့ကတော့ အရေးကြီးပါတယ်။
လွှတ်တော်ကလည်း တပ်မတော်အတွက်စစ်အသုံးစရိတ် ပေးနေတာတွေ ရှိတယ်၊ တစ်ကယ်တိုက်တော့ ကာကွယ်ရေး စွမ်းရည်မြှင့်တင်နိုင်တာမတွေ့ရဘူး၊ စစ်လက်နက်ရော ၊ တပ်သားစွမ်းရည်တွေလိုပါတယ် ပြီးတော့ တပ်မတော်ဆိုတာ ကာကွယ်ရေးပိုင်းမှာဘဲရှိသင့်တာပါ၊ဒါပေမယ့် မြန်မာနိုင်ငံမှာက တပ်မတော် အနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ စီးပွားရေးပိုင်းတွေမှာပါဝင်နေတာတွေ့ရပါတယ်။ ဒါဟာ မကောင်း ဘူး၊ ပြီးတော့ တပ်မတော် အာဏာချဲ့ထွင်လာတာမျိုး ရှိပါတယ်။တပ်မတော်ရဲ့ အာဏာချဲ့ထွင်မှုနောက်မှာ ကျွန်မတို့ကတော့ တစ်နိုင်ငံလုံးအတွက် စိုးရိမ်ပူပန်မှုရှိပါတယ် ”လို့ ဆိုပါတယ်။

အခုဖြစ်ပွားနေသောလောက်ကိုင်တိုက်ပွဲကအစ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စစ်အုပ်ချုပ်ရေးကြေညာတာနဲ့ပတ်သတ်ပြီးထပ်ဆင့်ပွားမလာဖို့ အရေးကြီးပါတယ်၊ ကိုးကန့်နယ်မြေဒေသ အမြန်ဆုံးငြိမ်းချမ်းဖို့ လိုနေပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကတော့ ကိုးကန့်ဒေသတိုက်ပွဲများ အမြန်ရပ်တန့်ပြီးနိုင်ငံရေးအရ ဖြေရှင်းကြပါလို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတော့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။တိုက်တွန်းချက်ထဲတွင်“ကိုးကန့်အဖွဲ့ (MNDAA)အား အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနည်းတူ မသိအမှတ်ပြု၍ဤလက်နက်ကိုင် ပဋိပက္ခကို အမြန်ရပ်တန့်ပြီး အစိုးရကိုယ်စား (UPWC) နှင့် တိုင်း၇င်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၏ ကိုယ်စား (NCCT) တို့၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှသည်နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရေးကို အမြန်ဖော်ဆောင်နိုင်ရန် ဦးစားပေးကြိုးပမ်းလုပ်ဆောင်သင့်ကြောင်းအကြံပြု တိုက်တွန်းအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။

UNFC ရဲ့တိုက်တွန်းချက်ကိုသာအစိုးရအနေနဲ့ ဖော်ဆောင်မယ်ဆိုရင်တော့ ကိုးကန့်ဒေသမှဖြစ်နေတဲ့ စစ်ကိုလည်း ယာယီတော့ ရပ်တန့်နိုင်မှာဖြစ်ပါတယ်၊ဘာဖြစ်လို့လည်းဆိုတော့ ကိုးကန့်တိမ်းရှောင်အဖွဲ့ကို ဦးဆောင်နေသည့် ဖုန်းကြားရှင်ဟာစစ်အစိုးရ (န၀တ) လက်ထက်တွင် ပထမဆုံး အပစ်အခတ်ရပ်စဲရေး ယူခဲ့ပြီး စစ်ခေါင်းဆောင်များနဲ့ဆက်ဆံရေးကောင်းတဲ့လူလည်းဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရအစိုးရနဲ့ အဆင်ပြေသော တိုင်းရင်းသားလက်နက်ကိုင်များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းချိန်ရောက်မှဖုန်းကြားရှင်က လက်မခံခဲ့ပါဘူး၊ ၂၀၀၉ ခုနှစ်မှာတော့ ဖုန်းကြားရှင်အဖွဲ့ကို မူးယစ်ဆေးဝါးထုတ်လုပ်သည်ဟုဆိုကာ ၀င်ရောက်စစ်ဆေးမှုကို လက်မခံသောကြောင်း အခြားကိုးကန့်ခေါင်းဆောင်များနဲ့အစိုးရတို့ ပူးပေါင်းကာ ဖုန်းကြားရှင်အဖွဲ့ကို တိုက်ထုတ်ခဲ့ကြခြင်းဖြစ်ပါတယ်။

အခုဖုန်းကြားရှင်အဖွဲ့ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာလည်း ကိုးကန့်ဒေသခံတစ်ချို့က ပူးပေါင်းတာတွေရှိ သလို အစိုးရစစ်တပ်လက်အောက်ခံကိုးကန့်နယ်ခြားစောင့်တပ်က တပ်ရင်းမှူးအဆင့် ရှိသူတစ်ဦးကလည်း ဖုန်းကြားရှင်အဖွဲ့နဲ့ ပူးပေါင်းတာတွေရှိနေပါတယ်။

အစိုးရအဖွဲ့အနေနဲ့ UNFC ရဲ့ အကြံပြုချက်နဲ့ ကိုးကန့်အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေး ခွင့်ပြုမယ်ဆိုရင်တော့ လက်တလော ဖြစ်ပွားနေတဲ့ ကိုးကန့်ပြဿနာတစ်ချို့ ရော့နည်းသွားနိုင်ပါတယ်၊ တစ်ကယ်လို့များ၂ ဖက်အဖွဲ့တွေက သူပစ်ကိုယ်ပစ် ဆက်ဖြစ်နေကြအုံးမယ်ဆိုရင်တော့ ၂၀၁၅ ခုနှစ်သာ ကုန်သွားမယ် ကိုးကန့်မှာတော့ တိုက်ပွဲတွေက ကုန်ဆုံးမှာမဟုတ်တော့ပါဘူး။

တိုက်ပွဲတွေပြီးဆုံးဖို့ဒေသခံတွေ ငြိမ်းချမ်းဖို့ ကိုးကန့်စစ်ကနေ အခြားတိုင်းရင်းသားနယ်မြေတွေ ပြန်နှံ့ မလာဖို့ဆိုရင်အပစ်အခတ်တွေအရင်ရပ်ဖို့လိုပါတယ်၊ အပစ်အခတ် ရပ်ဖို့ဆိုရင် သမ္မသဦးသိန်းစိန်ပြောတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်ဖြစ်တဲ့စကားဝိုင်းတွေလုပ်ကြဖို့လိုနေပါပြီ၊ ဖုန်းကြားရှင်ဆိုတာလည်း လူမသိ သူမသိ ပေါ်ပေါက်လာတဲ့လူမဟုတ်ပါဘူး၊ အရင်စစ်အစိုးရလက်ထက်မှာ ထိပ်တန်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ဆက်ဆံရေးကောင်းမွန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အပစ်အခတ်ရပ်ပြီးဆွေးနွေးပွဲတွေသာ လုပ်နိုင်မယ်ဆိုရင်တော့ ကိုးကန့်ဒေသဟာ အရင်လို ပြည်လည်တည်ငြိမ်ဖို့မျှော်လင့်စရာပဲဖြစ်ပါတယ်၊ ချောင်းမြောင်းတိုက်ခိုက်မှုတွေလဲ နည်းပါးသွားမှာ ဖြစ်ပါတယ်၊ အပစ်မဲ့ အရပ်သားတွေနဲ့ ကြည်ခြေနီယာဉ်တွေကိုလည်း တိုက်ခိုက်မှုတွေ ရှိမှာ မဟုတ်တော့ ပါဘူး။နှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေအနေနဲ့ ပြည်သူ့အကျိုးကိုကြည့်ပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်မယ့်နည်းလမ်းတွေကို ရွေးချယ်ပြီး ဖော်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ လက်နက်ကိုင် တပ်တွေရဲ့အခန်းကဏ္ဍဟာ ပြည်သူ့အတွက် အားကိုးအားထားပြုစရာအဖြစ်ပဲ မြင်လို ကြားလိုကြပါတယ်၊ ပြည်သူတွေရဲ့ဝန်ထုပ်ဝန်ပိုးအဖြစ် မပြုလုပ်မိကြဖို့ လိုပါတယ်လို့ အကြံပြုလိုက်ရပါတယ်။ ။ ။ ။ ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...