Friday, November 10, 2017

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်စက်လေပါပဲ ညီမလေးရေ

နိုဝင်ဘာမှာဘဲ တို့တတွေ စတွေ့ခဲ့တယ်။ ဇာတ်လမ်းတိုလေး တစ်ပုဒ်ဆိုပေမယ့် မှတ်တမ်းဝင် ဇာတ်လမ်း လေးပါ၊ ဘယ်မှာစခဲ့တယ်လို့ ပြောဖို့ မလွယ်သလို ဘယ်မှာဆုံးတယ်လို့ ပြောဖို့လည်း ခတ်တဲ့ တို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးဟာ တမ်းတမ်းတတ ဆွေးဆွေးမြေ့မြေ့နဲ့ သံသရာ ဘယ်လောက်ရှည်နေ မလဲ မသိသေးဘူးနော်။

ဘာတစ်ခုမှ မဖြစ်မြောက်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်စဖို့လည်း မရည်ရွယ်ပါဘူး။ မဖြစ်နိုင်ခဲ့လို့ တစ်ခန်း ရပ်ခဲ့တဲ့ ဇာတ်လမ်းအတွက် တမ်းတခွင့်တော့ ရှိနေမယ်လို့ ယုံကြည်ပါတယ်။ ဇာတ်မျောကြီးထဲမှာ မင်းကို ဆွဲမထားရက်ပါဘူး လွတ်လပ်စွာ ပျံသန်းလိုက်ပါ ညီမလေး။

ဘဝတွေကို ချည်မထားရက်လို့ တစ်ခန်းရပ်ခဲ့ရတဲ့ ဇာတ်လမ်းအတွက် အလွမ်းအဆွေးတွေက ဘယ်တောမှ ရပ်မယ်မှန်း မသိခဲ့ဘူး။ ရှည်လျားလှတဲ့ ညနက်တွေထဲမှာ ညက အိပ်မက်ထဲမှာ ညီမလေးကို တွေ့တယ်။

ညီမလေးရေ မင်းနေကောင်းရဲ့လား ပျော်မှ ပျော်ရဲ့လား ကိုယ့်စိတ်အလိုဆို အိပ်ယာနိုးတဲ့အချိန် မင်းဖုန်းနံပါတ်တွေကို နှိပ်မိသွားမှာပါ။ အရင်လို ဇာတ်လမ်းတွေနဲ့ မချည်နှောင်ရက်တော့ဘူး။ ဒီနေ့တစ်နေ့လုံး မင်းကို စိတ်ပူနေမိတာအမှန်ပါ။ အမှားအမှန်ကို မသိတော့တဲ့နောက်ပိုင်း မင်းကို လွမ်းရတဲ့နေ့တွေဟာ ကျိန်စာတစ်ခုလို ကိုယ့်မှာ ဒဏ်ခတ်ခံနေရတယ်။

ညီမလေးရေ တို့လျှောက်ခဲ့တဲ့လမ်းမတွေဟာ အရင်လို မဟုတ်တော့ဘူးကွဲ့။ ဘဝဆိုတာ တိုတိုလေး ဆိုကြပေမယ့် တစ်ကယ်တော့ ဆောင်းညတွေဟာ ရှည်လွန်းပါတယ်ကွာ၊ တို့တတွေစသိခဲ့ ကြတဲ့ ဟောဒီဆောင်းညတွေဟာ ရက်စက်လွန်းပါတယ် ညီမလေးရယ်။

ကျန်းမာရေး ဂရုစိုက်နော် ညီမလေး၊  သတိမရရင်လည်းနေပါ။ ပျော်အောင်နေပါ ညီမလေးရေ။ ကျန်းမာရေး ဂရုစိုက်နော်၊ အရာရာအဆင်ပြေဖို့ဆိုတာ ဘဝဟာ မတိုတောင်းလွန်းဘူးကွယ် ရှည်လျားလွန်းပါတယ်၊ ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေဟာ ညညဆို ကိုယ့်မှာ ရူးရချည်ရဲ့ကွယ်။ မနက်မိုးလင်းတိုင်း မင်းကိုသတိရတဲ့ ဆောင်းနံနက်ခင်းတွေဟာ နှင်းတွေနဲ့ လှပမနေခဲ့ဘူး ကိုယ့်အတွက်တော့ သတိရခြင်းတွေကိုသာ ပိုင်ဆိုင်နေရသူပါ။




No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...