Monday, November 6, 2017

ငြိမ်းချမ်းရေး မျှော်လင့်ချက်နဲ့ ၂၁ ရာစု ပင်လုံ

ဝင်းဇော်နိုင်

” နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ” ဆိုတဲ့ ကိစ္စဟာ အငြင်းအခုံတွေနဲ့ စိတ်ဝင်စားမှု အများဆုံးဖြစ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး မှုပူးတွဲကော်မတီUPDJC အစည်းအဝေးအပြီး အခန်းထဲက ပအို့ဝ်တိုင်းရင်းသားဝတ်စုံနဲ့  ထွက်လာပြီး သတင်းသမားများ အမေးကို အတက်နိုင်ဆုံး ဖြေပေးနေသူကတော့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ အငြင်းပွားမှု အများဆုံးနဲ့ လူစိတ်ဝင်စားမှုကိစ္စ အဆင်မပြေမှုတွေထဲမှာ ခွဲမထွက်ရဆိုတဲ့ စကားရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး တစ်ခုလုံးအတွက် မျှော်လင့်ချက်ကြီးတစ်ခုလို ဖြစ်ခဲ့ရပါတယ်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အငြင်းပွားမှုအပြင်းထန်ဆုံးကိစ္စကို အစိုးရနဲ့ တပ်မတော် က အတည်ပြုဆုံးဖြတ်ချက်ချလိုက်မှာကို ဝင်ရောက်ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပါ အဝင်၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြည်သူတွေအားလုံးက ၂၁ ရာစု ငြိမ်းချမ်းရေး မျှော်လင့် ချက်တွေနဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ စောင့်ကြည့်ပြီး ၂၁ ရာစုပင်လုံ ညီလာခံကြီးမှာ ဘာတွေဖြစ်လာမလဲလို့ စိုးတထိတ်ထိတ်နဲ့ နားစွင့်နေကြပါတယ်။


” အင်အားစုအားလုံးမပါဝင်နိုင်သေးပေမယ့် အားလုံးလက်ခံနိုင်တဲ့မူတွေကိုတော့ ကျွန်တော်တို့ ဆုံးဖြတ်နိုင်ခဲ့တယ်။ ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အကြားမှာ ညှိနှိုင်းဖို့ လိုသေးတယ်။ ဒီညီလာခံမှာဆက်မဆွေးနွေးဘူး ” လို့ PNLO ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် လည်းဖြစ်တဲ့ ခွန်မြင့်ထွန်းက ပြောပါတယ်။
အငြင်းအခုံ ဖြစ်နေတဲ့ အဆင်မပြေတဲ့ ကိစ္စတွေကိုသာ အင်အားကြီးတိုင်း အနိုင်ယူလိုက်မယ် ဆိုရင် ဒီကနေ့ နိုင်ငံရေးအရ အင်အားကြီးသူဟာ ရွေးကောက်ပွဲက တက်ရောက်လာတဲ့ အစိုးရဖြစ်ပါတယ်၊ လက်နက်ကိုင် အင်အားအကြီးဆုံး အဖွဲ့အစည်းကို ပြပါဆိုရင်လည်း တစ်နိုင်ငံလုံးကို လွမ်းခြုံထားနိုင်တဲ့ မြန်မာ့တပ်မတော် တစ်ခုသာ ရှိပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံး မပါဝင်နိုင်သေးသော် လည်း အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ နိုင်ငံရေးပါတီ၊ ပါဝင်သင့် ပါဝင်ထိုက်သူ၊ အရပ်ဖက်အဖွဲ့အစည်း၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တို့ဟာ အားလုံးသဘော တူထားတဲ့ အချက်တွေကိုသာ အတည်ပြုပြီး ပြည်ထောင်စုသဘောတူစာချုပ် (Union Accord)  ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ညီလာခံက မေ ၂၉  မှာအတည်ပြုခဲ့ပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ဖို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ အတွက် ၂၁ ရာစုပင်လုံညီလာခံကြီးမှာ အဆုံးအဖြတ်တွေ ပေးနေတယ်ဆိုပေမယ့် တကယ်တမ်း ရရှိတဲ့ အဆိုပြုချက်တွေ၊ အချက်အလက်တွေကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလို့ ခေါ်တဲ့ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက်ဆိုတဲ့ အခြေခံ ဆွေးနွေးပွဲတွေက ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၃ ရက်အထိ၎ ရက်ကြာ ကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံပထမအစည်းအဝေးအပြီးမှာ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ ရှမ်းပြည်နယ်၊ နေပြည်တော် တို့မှာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အချို့တို့ကို ပြုလုပ်နိုင်ခဲ့ ပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တက်လာ ခဲ့တဲ့ ဆွေးနွေးချက်တွေကို အဆင့်ဆင့် အကျဉ်းချုပ် အတည်ပြုပြီး UPDJC ကနေ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအစည်းအဝေးဆီ အချက် ၄၁ ချက်ကို တင်ပြဆွေးနွေးငြင်းခုံကြပြီး ၃၇ ချက်ကိုသာ ညီလာခံမှာ အများ သဘောတူညီ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်မှာ တစ်ဦးနဲ့တစ်ဦးဟာ ဆွေးနွေးငြင်း ခုံမှုတွေ၊ လိုလားချက်တွေ ပြောဆိုတာက ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ တိုးတက်မှု လို့တောင် ဒီကနေ့ အချိန်မှာ ပြောလို့ရပါတယ်၊ ဘာ့ကြောင့်လဲဆိုရင် နှစ်ပေါင်း ၆၀ ကျော်ကြာနေ တဲ့ ပြည်တွင်းစစ်ကြီးအတွင်းမှာ ဒီကနေ့ အချိန်လောက် မျှော်လင့်လို့ကောင်းတဲ့ နိုင်ငံရေးအရ အာမခံချက်ရှိနေတဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

နှစ်ပေါင်းခြောက်ဆယ်ကျော် ရန်သူဖြစ်ခဲ့တဲ့ ဗမာတပ်မတော်နဲ့ စားပွဲဝိုင်းမှာ မိတ်ဆွေတွေ အဖြစ်နဲ့ တွေ့ကြတဲ့ အခါကျတော့ တစ်ဦးနဲ့တစ်ဦး အမြင်မတူတာတွေလည်း ငြင်းခုံဆွေးနွေးနိုင်တယ်။ တူအောင်လည်း ညှိနှိုင်း ဆွေးနွေးနိုင်တဲ့အတွက် ကျေနပ်တယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ပဋိပက္ခဖြစ်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည် လူအဖွဲ့အစည်းမှာ ဒီနိုင်ငံရေးဆွေးနွေးပွဲက ပထမအကြိမ် ဖြစ်ပါတယ်” လို့  ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်၊ UPDJC အဖွဲ့ဝင်ဖြစ်တဲ့  ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ဒီကနေ့ ၂၁ ရာစုပင်လုံညီလာခံရဲ့ ဆုံးဖြတ်ချက်တွေ ဆွေးနွေးချက်တွေဟာ တက်ရောက်လာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ တပ်မတော်ကိုယ်စားလှယ်တွေ၊ NCA လက်မှတ် ထိုးပြီးသား တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီိ ကိုယ်စားပြု ကိုယ်စားလှယ်တွေ၊ ပါဝင်သင့် ပါဝင်ထိုက် သူတွေကတော့ ကျေနပ်ဖွယ်ကောင်းပြီး၊ ငြိမ်းချမ်းရေးကို ဆက်သွားနိုင်မယ့် ဆွေးနွေးချက်တွေ၊ အတည်ပြုချက်တွေ မျှော်လင့်ချက်တွေ ပါဝင်နေတဲ့ ညီလာခံတစ်ခုအဖြစ် ယုံကြည်နေကြတာ တွေ့မြင်နေရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအကျော်ကတော့ ဒီကနေ့ အနိုင်ရပါတီအင်န်အယ်လ်ဒီက အစိုးရ အဖွဲ့ ဝင်တွေ၊၂၁ ရာစု ပင်လုံ တက်ရောက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြည်သူတွေဟာ  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး၊ ဒီကနေ့အချိန်မှာ ဒီလိုဖြစ်လာ လိမ့်မယ် လို့တောင် မထင်မှတ်ခဲ့ကြပါဘူး။ အာဏာရှင်စနစ်အောက်မှာ ပြောရေးဆိုခွင့်တွေ အပိတ်ခံရ၊ နိုင်ငံရေးသမားတွေ ထောင်ကျခံရ၊ လက်နက်ကိုင်ပြီး အာဏာရှင်ကို တော်လှန်နေခဲ့ကြ သူတွေနဲ့ နယ်စပ်ဘက်ပြေးထွက် ရှင်သန်ရုန်းကန်နေထိုင်ခဲ့ကြရတဲ့ ပြည်သူတွေမှာ အသက်တွေ ဘဝတွေ သွေးတွေ ချွေးတွေနဲ့ အနာဂတ်မဲ့ ရှင်သန်ခြင်းတွေ ၊ တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ဘဝတွေနဲ့ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

“လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင်တော့ ကျွန်တော်က ဗမာပြည်နိုင်ငံရေးမှာ ပြည်တွင်းနိုင်ငံရေး လှုပ်ရှား မှုတွေအရ မဖြစ်နိုင်တော့ဘူးဆိုပြီးတော့မှ လက်နက်ကိုင်တော်လှန်ရေးကို ထွက်သွားတာ ဖြစ်ပါတယ်၊  ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမတိုင်ခင်မှာဘဲ တော်လှန်ရေးနယ်မြေကို ထွက်သွားခဲ့တာပါ။  အရင်ကတော့ NLD က လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ် ” လို့ ခွန်မြင့်ထွန်းက အရင်က နိုင်ငံရေး အခြေအနေတွေကြားမှာ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ အခြေ အနေတွေကို  ပြောပြပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတဲ့ ဒီကနေ့ NCA လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ၊ UNFC အဖွဲ့ဝင်တွေဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မရတော့လို့ လက်နက်ဆွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ ၈၈ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု အရေးအခင်းကြီးအပြီးမှာ အာဏာရှင်စနစ်က သက်ဆိုး ထပ်ရှည်သွားတဲ့အတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဟာ အလှမ်းဝေးပြီး မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်ကြီးအတွင်းမှာ အာဏာရှင်တော်လှန်ရေးဟာလည်း မြင့်တက်ခဲ့ရပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လအတွင်းက လမ်းမတော်မြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက “လက်နက် မဲ့တဲ့ ပြည်သူတွေက လက်နက်ကိုင်ပြီး တော်လှန်ကြပြီဆိုရင် အဲဒီအစိုးရမှာ တာဝန်ရှိ ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာလည်း တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းစဉ်က လက်နက်ကိုင် လမ်းစဉ်ကတစ်ဖက် (ရရင်ရ မရရင်ချ) ၊ နိုင်ငံရေး စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်က တစ်ဖက်နဲ့ ကြိုးစားခဲ့လို့သာ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်လို့ ခွန်မြင့်ထွန်းက ဆိုပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားတဲ့ အာဏာရှင်စစ်နစ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကပဲ အခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံရဲ့ အခြေခံ တည်ရာ NCA စာချုပ်ကို ရေးဆွဲရာမှာ ပါဝင်ခဲ့ကြပါတယ်၊ NCAစာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ကလက်မှတ်ထိုးပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မြောက်ရေး အတွက် NCA စာချုပ်ပါ အချက်များအတိုင်း နိုင်ငံရေး အာမခံချက်ရှိရေးအတွက် အခြေခံ အဆင့်မှစပြီး တဆင့်ပြီးတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတာလည်း ဖြစ်ပါတယ်။

NCA စာချုပ်ကို လက်မခံသေးတဲ့ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့နဲ့၊ UNFC (၄) ဖွဲ့တို့ကတော့ မြောက်ပိုင်းမှာ တိုက်ခိုက်မှုများ ရှိနေသေးသလို ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အားလုံး ပါဝင်လာရေး အတွက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများကိုလည်း ပြုလုပ်နေကြပါတယ်။ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတချို့ဟာလည်း NCA ရေးဆွဲစဉ်က ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။ အားလုံးပါဝင်ရေး မူကြောင့်သာ လက်မှတ်ထိုးရေး ပျက်ပြားသွားခဲ့ကြသူတွေဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ပြည်တွင်းစစ်ကြီးချုပ်ငြိမ်းရေးအတွက် အစိုးရအဆက်ဆက်ကတော့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်မှုတွေ၊ ယာယီအပစ်အခတ်ရပ်စဲမှုတွေ၊ ချော့တစ်ခါ ခြောက်တစ်လှည်နဲ့ ငြိမ်းချမ်းရေး ကြိုးစားခဲ့မှုတွေလည်း ရှိပါတယ်၊ ဒီကနေ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာပါဝင်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဟာ ၁၇ နှစ်ကြာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ဖူးပါတယ်။

နိုင်ငံရေးအရ အာမခံချက်မရှိတဲ့ ငြိမ်းချမ်းရေးဟာ ရေရှည်တည်တံ့ဖို့ မဖြစ်နိုင်ပါဘူး။  ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှတော့ KIO နဲ့ တပ်မတော်တို့ဟာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား ခဲ့တာပါ။  အစိုးရ အဆက်ဆက် ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ ယာယီသာ တည်တံ့ နိုင်ခဲ့ပါတယ်၊ အခု NCA စာချုပ် မှာတော့ မူတွေ လုပ်ငန်းစဉ်တွေ အနာဂတ် အာမခံချက်တွေ ပါဝင်နေတယ်၊ အကောင်အထည် ဖော်မှု အပိုင်း မှာ အောင်မြင်မှု ရှိမရှိသာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးတာဟာ လက်နက်ချ ရတာ မဟုတ်ဘဲ အပစ်ရပ်ပြီး စားပွဲဝိုင်းဆွေးနွေးမှုကနေ အနာဂတ်နိုင်ငံတော်အတွက် အဖြေရှာကြတာ ဖြစ်ပါတယ်။

NCA စာချုပ်အရ ကျင်းပတဲ့၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပထမအစည်း အဝေးဖွင့်ပွဲမှာတော့ UNFC အဖွဲ့ဝင်များ တက်ရောက်လေ့လာခဲ့သလို အခု မေ ၂၄ က ကျင်းပခဲ့တဲ့ ဒုတိယအစည်းအဝေးဖွင့်ပွဲမှာလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ တက်ရောက်ခဲ့ပါတယ်၊ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးက ငြိမ်းချမ်းရေးကို လိုလား တယ်လို့ ပြောထားကြသလို အစိုးရ ပြောရေးဆိုခွင့် ရှိသူတွေကလည်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အမြဲတံခါးဖွင့်ထားတယ်လို့ ပြောဆိုကြပါတယ်။

သူ့ရပ်တည်ချက်နဲ့ ကိုယ့်ရပ်တည်ချက် ရှိတာပေါ့ ညှိယူရမှာပေါ့။ အားလုံး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် မယ်ဆို တစ်ရက်ရက်တော့ ငြိမ်းချမ်း လာမှာပါလို့ ကျွန်တော်အပြည့်အဝ ယုံကြည် ပါတယ်။ နောက်ပိုင်း ဘယ်လို ချိတ်ဆက်ပြီးတော့ ဆက်သွယ်မယ်ဆိုတာ ရှိပါတယ်” လို့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲကို ဦးဆောင်တက်ရောက်လာ တဲ့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ပြင်ပဆက်ဆံရေး ဌာနအကြီးအကဲ ဦးကျောက်ကော်အမ်းက နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့အပြီးမှာ မီဒီယာတွေကို ပြောကြားထားပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေမှာလည်း လိုလားတောင်းတတဲ့ ဖက်ဒရယ် ပြည်ထောင်စု ရရှိရေးအတွက် ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးစားပွဲဝိုင်းကို တက်ရောက်ဆွေးနွေး ချင်ကြ ပါတယ်၊ နိုင်ငံရေးအရ အာမခံချက်ရှိတာနဲ့ နိုင်ငံရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

“နိုင်ငံရေးဆိုတာ the Art of Possibilities ပါပဲ။ ဖြစ်တန်စွမ်းတွေနဲ့ပဲ ကစားလို့ရမယ်။ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းက သွားမယ်ဆိုရင်တော့ ဒီအချိန် ဒီအခြေအနေမှာ ဒါက အကောင်းဆုံး လမ်းကြောင်း၊ လက်တွေ့အကျဆုံး လမ်းကြောင်းဖြစ်နေတယ်။ တပ်ဖက်က ဒီလမ်းကြောင်းကိုပဲ ဖွင့်ထားပေးတယ်။ ဒါကို လက်မခံနိုင်ဘူးဆိုရင် ထိပ်တိုက်တိုးတဲ့ လမ်းကြောင်းပဲ ရှိတယ် ” လို့ NCA လက်မှတ်ထိုးရေး လမ်းကြောင်းနဲ့ ပတ်သတ်ပြီး UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ် (DPN)  အဖွဲ့ဝင် ၊ ရခိုင်ပြည်တပ်မတော် (Arakan Army) စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကတဆင့် အစိုးရဖွဲ့လာနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ် ဒီအစိုးရကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အစဉ်တစိုက် လုပ်ဆောင်နေကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA မူအတိုင်း ဆက်သွားမယ်လို့ အတည်ပြုပြောကြားထားပါတယ်၊ ငြိမ်းချမ်းရေးမှာ အားလုံး ပါဝင်ရေး အတွက် လည်း အစိုးရအနေနဲ့လည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး ပိတ်ပွဲမှာ အမှာ စကားပြောကြားခဲ့တဲ့   တပ်မတော်သား အစုအဖွဲ့မှ ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “NCA လက်မှတ်ထိုးလိုက်တာနဲ့ တစ်ပြိုင်နက် နိုင်ငံတော် အကြီးအကဲတွေနဲ့ တိုင်းရင်း သားခေါင်းဆောင်တွေကြားမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားမယ် ဆိုတဲ့ ဘုံသဘောတူညီချက်ကို မှတ်ကျောက်တင်လိုက်နိုင်ခဲ့တယ် ” လို့  ပြောဆိုပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကြီးဟာမေ ၂၉ ရလဒ်တွေအရ ဒီကနေ့အခြေအနေမှာတော့ အားရကျေ နပ်ဖွယ် အခြေအနေ ဖြစ်နေပေမယ့် ပြီးပြည့်စုံတဲ့ အောင်မြင်မှု ရနေတဲ့ အနေအထားတော့ မဟုတ်သေး ပါဘူး၊ ငြိမ်းချမ်းရေးခရီးရဲ့ အစကောင်းတဲ့ ၂၀၁၇ ခုနှစ်လို့တော့ ပြောလို့ပါရတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ အမွှန်းတင်ထားပါတယ်။အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးညီလာခံတွေ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်းမတိုင်မီမှာ ကျောင်းဆရာအလုပ်နဲ့ ကျောက်မျက်ပညာရှင် ဖြစ်ချင် ခဲ့ပေမယ့် ပါတီကိုယ်စားပြုလွှတ်တော်အမတ်၊ နိုင်ငံရေးအကျဉ်းသား၊ လက်နက် ကိုင်တော် လှန်ရေး သမားဖြစ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ သတင်းသမားတွေ မေးသမျှဖြေပေးနေတဲ့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့  “လွန်ခဲ့တဲ့ နှစ်ပိုင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြုတ်တိုက်ရေးပေါ့၊ အစိုးရတပ်မတော် ဘက်ကလည်း သောင်းကျန်းသူမှန်သမျှ အမြစ်ပြတ်ချေမှုန်းကြဆိုတဲ့ အခြေခံက ရပ်တည်ခဲ့ကြတယ်၊ အခု NCA ကို လက်မှတ်ရေးထိုးတဲ့ အချိန်မှာတော့ သူ့ဘက်မှာ ရှိတဲ့ အမှန်တရား၊ ကိုယ့်ဘက်မှာရှိတဲ့ အမှန် တရားတွေကို လက်ခံခဲ့ကြတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အစိုးရ၊ လွှတ်တော်၊တပ်မတော်၊ နိုင်ငံရေးပါတီတွေ၊ ပါဝင်သင့် ပါဝင် ထိုက်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံး ဆုံပြီး နိုင်ငံရေးစကားဝိုင်းပေါ်မှာ စကားပြောနိုင်ကြရင် ဆွေးနွေးညှိနှိုင်းပြီး ဘုံသဘောတူညီချက်တွေကို ရယူနိုင်ခဲ့ ရင်ပြည်ထောင်စုကြီး ဟာလည်း ငြိမ်းချမ်းရေးရဖို့ တဖြည်းဖြည်းနီးလာမှာပါ။ NCA လက်မှတ် ထိုးခြင်းဟာ လက်နက်ချခြင်းမဟုတ်တဲ့အတွက် အပစ်အခတ်တွေ ရပ်ထားပြီး နိုင်ငံရေးဆွေးနွေး ဝိုင်းပေါ်ရောက်ဖို့ ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ဖို့ ပြည်သူအားလုံးက လိုလားနေကြတာ ဖြစ်ပါတယ်။

အနာဂတ် မြန်မာနိုင်ငံတော်နဲ့ ပတ်သတ်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့  “ကျွန်မတို့ လက်ထက် စွန့်လွှတ်မှု စွန့်စားမှုတွေနဲ့ ချလိုက်တဲ့ အုတ်မြစ်အပေါ်မှာ နောင်လာမယ့် သားသမီး မြေးမြစ်တွေက ခိုင်မာ တင့်တယ်သည့် နိုင်ငံကြီးကို ဆက်လက်တည်ဆောက် မွမ်းမံ သွားကြနိုင်စေချင်ပါတယ်။ ဒီညီလာခံကြီး ထဲကို မရောက်ရှိကြသေးတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကိုလည်း ကျွန်မတို့နဲ့ အတူတကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင် ကျန်ရစ်ခဲ့မယ့် လုပ်ငန်းအတွင်းမှာ ပါဝင်ကြဖို့ အလေးအနက် ဖိတ်ခေါ်ပါကြောင်း ပြောကြား လိုပါတယ်” လို့ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအစည်းအဝေး ပိတ်ပွဲအခမ်းအနားမှာ ကျေးဇူးတင်စကားပြောကြားရင်း ငြိမ်းချမ်းရေးနှိုးဆော်သံကို နောက်တကြိမ်ဆော်သြလိုက်ပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...