Monday, November 6, 2017

အစိုးရဖြေရှင်းရမယ့် သေနတ်သံများ

“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလို့ ပြောပြောနေတဲ့ဟာက တပ်မတော်နဲ့ပဲ အမျိုးသား ရင်ကြားစေ့ရေး လုပ်နေတယ်၊ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ အမျိုးသား ရင်ကြားစေ့ရေးကို မလုပ်သလိုမျိုး တို့ခံစားမိတယ်ဗျာ” လို့ တိုင်းရင်းလက်နက်ကိုင်ခေါင်းဆောင် အများစုကတော့ အစိုးရဖော်ဆောင်နေတဲ့ အမျိုး သားရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသံတွေ ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၇၀) နီးပါး ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးကို အစိုးရ အဆက်ဆက်တို့ ချုပ်ငြိမ်းဖို့ ဘယ်လိုမှ မလုပ်နိုင်ခဲ့ ကြပါဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး ပေါ်ပေါက်လာတဲ့ မူဝါဒ လမ်းစဉ်နဲ့ ၂၀၁၀ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရလည်း မဖြေရှင်းနိုင်ခဲ့သလို ဒီ (၂၀၀၈) ဖွဲ့စည်းပုံ အောက်ကပဲ နောက်အစိုးရ တစ်ဆက်ပြောင်း ၂၀၁၅ ရွေးကောက်ပွဲက တက်လာ တဲ့ အစိုးရ ဘယ်လိုဖော် ဆောင်နိုင်မလဲ၊ အခုထိတော့ သေနတ်သံတွေနဲ့သာ တိုင်းရင်းသား ဒေသအချို့မှာ ဆူညံနေပါတော့တယ်။


ရှမ်းပြည်မြောက်ပိုင်းက သေနတ်သံတွေ၊ တစ်နိုင်ငံလုံး ဖြစ်ပေါ်ခဲ့တဲ့ သေနတ်သံတွေရပ်တန့်ဖို့၊ ပြီးဆုံးဖို့ ပြည်သူတစ်ရပ်လုံးက လိုလားနေပါတယ်၊ တစ်ကမ္ဘာလုံးက စစ်ကိုအလိုမရှိတော့တဲ့ အချိန်မှာ၊ မြန်မာနိုင်ငံ အနီးအနား နိုင်ငံတွေမှာလည်း ပြည်တွင်းစစ်တွေ မရှိကြတော့ဘူး၊ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းစစ်ကြီး အဆုံးသတ်ဖို့ ၊ ကမ္ဘာနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့၊  ဖွံ့ဖြိုးတိုး တက်တဲ့ မြန်မာနိုင်ငံ အဖြစ်ရပ်တည်ဖို့ ကမ္ဘာ့ပြည်သူအားလုံးက လိုလားနေကြတာတော့ အမှန်ပါပဲ။


ဒီကနေ့ ဖြစ်ပေါ်နေတဲ့ သေနတ်သံတွေ ရပ်တန့်ဖို့ ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုရင် သေနတ် ကိုင်ထားတဲ့ လူတွေမှာ တာဝန် ရှိသလို အစိုးရမှာအဓိက တာဝန်ရှိပါတယ်၊ သေနတ်သံတွေ ချုပ်ငြိမ်းအောင် လုပ်ဆောင်ဖို့ အစိုးရကတော့ တာဝန်အရှိဆုံးဖြစ် ပါတယ်၊ အစိုးရကိုယ်တိုင်က သေနတ်သံတွေရပ်တန့်အောင် သေနတ်ကိုင်ထားသူတွေနဲ့ စကားပြောဖို့ လိုပါတယ်၊ သေနတ်ကိုင်ထားတဲ့ (၂) ဖက်ကြားက အမှန်တရားကို ရှာဖွေပြီး၊ ရပ်တည်ချက်ခိုင်မာစွာ ပြောဆိုဖို့ လိုပါတယ်၊ အင်အားကြီးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့ အစိုးရနဲ့ အဆင်ပြေးရေးအတွက်၊ အာဏာ ဆက်လက်တည်မြဲရေးအတွက်၊ အမှန်တရားကို မျက်ကွယ်ပြုပြီး ဘက်လိုက်လို့ မရပါဘူး။

    ပြည်သူတွေ ပေးလိုက်တဲ့ ဆန္ဒမဲတွေဟာ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ဖို့ဖြစ်တယ်။ဒီကနေ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ၊ ဒီကနေ့ အစိုးရနဲ့ တပ်မတော်တို့ရဲ့ သဘောထားတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေ က ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အပေါ်မှာ သံသယတွေ ဖြစ်နေပါပြီ၊ ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ထိုးစစ်တွေခံလာရတာ အတော်ကြာနေပါပြီ၊ ထိုးစစ်ကို မခံနိုင်တဲ့ အဆုံး တိုင်းရင်းသား လက်နက်ကိုင်တွေက ထိုးစစ်ပြန်ဆင်လာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံရုံးနဲ့  သမ္မတ ရုံးတို့က ထုတ်ပြန်ချက်တွေ အချိန်နဲ့တပြေးညီ ပြည်သူတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိုးစစ်ဆင်မှု သတင်းတွေ တင်ပြလာတာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ အစိုးရကို တိုင်းရင်းသား လက်နက်ကိုင်တွေ မေးခွန်းထုတ်လိုက် တာက တပ်မတော်က ရှမ်းမြောက်မှာ ထိုးစစ်ပြုလုပ်ချိန်က ဘာ့ကြောင့် သတင်းမထုတ်ပြန်ကြတာလဲ၊ အချိန်နဲ့ တပြေးညီ ပြည်သူတွေကို မတင်ပြတာလဲ ဆိုတာ ပါဘဲ။  ဒီကနေ့ ဖြစ်နေတဲ့ တိုက်ပွဲတွေရဲ့ ပြဿနာက နိုင်ငံရေးပြဿနာ ဖြစ်ပါတယ်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ဖြေရှင်းလာတာ နှစ်ပေါင်း (၇၀) နီးပါး ရှိနေပါပြီ၊ ပြေလည်သွားတယ် ဆိုတာ မရှိပါဘူး။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကိစ္စ၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ရမယ်ဆိုတာတွေဟာ  ဒီကနေ့အစိုးရဖွဲ့နိုင်တဲ့ NLD ပါတီ ခေါင်းဆောင်တွေကိုယ်တိုင် အရင်ကလည်း ပြောဖူးပါတယ်၊ ပြောခဲ့ဖူးတဲ့ အတိုင်း လက်နက်ကိုင် (၂) ဖက်တပ် (အစိုးရတပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်) တွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊  စားပွဲဝိုင်းပေါ် ရောက်လာဖို့ ပြည်သူတွေ မဲပေးရွေးချယ်လိုက်တဲ့ အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။

NLD အစိုးရမှာ ဖြေရှင်းရမယ့် ပြဿနာတွေ များသလောက် လုပ်ပိုင်ခွင့်မရှိဘူး လုပ်ချင်တိုင်း လုပ်လို့ မရဘူး၊  တပ်မတော်ကလည်း အစိုးရလက်အောက်မှာ မရှိဘူး၊  တပ်မတော်ကို အစိုးရက အမိန့်ပေးလို့လည်း မရဘူး၊ အစိုးရနဲ့ တပ်မတော်ကြားမှာ ပြည်သူတွေ မသိတဲ့ သဘောတူညီချက်တွေ ၊ လုပ်ဆောင် ချက်တွေ ရှိတယ်၊ အစိုးရကို အချိန်ပေးပါ၊ စောင့်ကြည့်ပေးပါဆိုတဲ့ အပြုသဘောဆောင်တဲ့၊ ကရုဏာ အသံတွေဟာလည်း အစိုးရကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။ ဒါပေမယ့် အစိုးရဆိုတာက တိုင်းပြည်တစ်ခုလုံးရဲ့ ပြဿနာ အားလုံးကို ဖြေရှင်းဖို့ တာဝန်အရှိဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အစိုးရအနေနဲ့ တစ်ပြိုင်တည်း ဖြေရှင်းရမယ့် ပြဿနာများ ရှိနိုင်ပါတယ်၊ ဒါပေမယ့် အရေး အကြီးဆုံး ဖြေရှင်းရမှာက တည်ငြိမ်အေး ချမ်းရေးပဲ ဖြစ်ပါတယ်၊ တစ်နိုင်ငံလုံး ငြိမ်းငြိမ်းချမ်းချမ်းရှိမှသာ ဖွံ့ဖြိုးရေးကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်၊ ဒီကနေ့ သေနတ် သံတွေကြောင့် မငြိမ်းချမ်းတဲ့ တစ်နေရာ ရှိနေရင်လည်း ငြိမ်းချမ်းတယ်လို့ မခေါ်နိုင်ပါ ဘူး၊ တစ်ပြိုင်တည်း တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့ လိုပါတယ်။ ညီမျှတဲ့ ဖွံ့ဖြိုးတိုးတက်မှု ကလည်း တစ်နိုင်ငံလုံးဖြစ်နေဖို့ လိုပါတယ်၊ ဒီကနေ့ သေနတ်သံတွေဟာ နိုင်ငံရေးပြဿနာ ဖြေရှင်းလို့ ရတာတွေပဲ ဖြစ်ပါတယ်၊ ယဉ်ကျေးတဲ့ လူ့ဘောင်ကို ဖော်ဆောင်မယ်၊ ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုကို သွားမယ် ဆိုရင်တော့ အစိုးရရဲ့လုပ်ဆောင် ချက်တွေ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်လာပါပြီ၊ အကျပ်အတည်းတွေ ကိုလည်း ပြည်သူတွေကို ချပြဖို့ လိုပါတယ်၊ နိုင်ငံခေါင်းဆောင်တွေ အနေနဲ့ ငါလုပ်သမျှ အမှန်ပဲ ဆိုတဲ့ စိတ်တွေရှိနေရင်တော့ ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ပြည်သူတွေရဲ့ လိုအပ်ချက်၊ လိုလားချက်၊ ပြည်သူ့ အသံကို နားထောင်ဖို့ အရေးကြီးပါတယ်။ ပြည်သူတွေက စစ်ပွဲတွေရပ်တန့်ဖို့ အစဉ်တစိုက်တောင်း ဆိုနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီးတော့ KIA, TNLA, MNDAA, AA  တို့ မြောက်ပိုင်းမဟာမိတ်(၄) ဖွဲ့ကို ပြည်သူ့လွှတ်တော်မှာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် သင့်ကြောင်း အဆိုတင်သွင်းမှုရှိခဲ့ပေမယ့် ဒီဇင်ဘာလ (၂) ရက်နေ့မှာ အဆိုကို ဆွေးနွေးကြပြီး မဲခွဲဆုံးဖြတ်ရာ မှာတော့ ထောက်ခံမဲ (၁၄၁)မဲ၊ ကန့်ကွက်မဲ (၂၄၄)မဲ၊ ကြားနေမဲ(၇)မဲနဲ့ အတည် မပြုနိုင်ခဲ့ဘဲ မှတ်တမ်း အဖြစ်သာ ထားရှိခဲ့ပါတယ်၊ ဒါဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ပြည်သူ့လွှတ်တော်ကနေ အကြမ်း ဖက်အဖွဲ့အဖြစ် သတ်မှတ်လို့ မရကြောင်းကို လွှတ်တော်တွင်းအနိုင်ရပါတီက အပြုသဘောဆောင်ပြီး သက်သေပြလိုက်တာ ဖြစ်ပါတယ်။ လွှတ်တော်က အပြုသဘောဆောင် သက်သေပြပြီးရင် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ရေးအဖွဲ့ အစည်းအနေနဲ့ လက်တွေ့ကျတဲ့ ဆောင်ရွက် ချက်တွေ လုပ်ဆောင်နိုင်ဖို့  ကြိုးစားဖို့လိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးနေ့ကြတဲ့ အချိန်ကာလအတွင်းမှာ စကားလုံးတွေဟာလည်း ဆင်ခြင်စရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း NCCT နဲ့ UPWC တို့ NCA စာချုပ်ဖြစ်မြောက်ရေး ဆွေးနွေးနေတုန်း ကလည်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့နဲ့ လက်နက် ကိုင်တိုင်းရင်းသား အဖွဲ့ဆိုတဲ့ စကားလုံးတွေဟာ အငြင်းပွားခဲ့ကြရပါသေးတယ်၊ နောက်ပြီးတော့ ဦးသိန်း စိန်အစိုးရ လက်ထက် မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြမ်းဖက်အဖွဲ့အစည်း၊ သူပုန်ဆိုတဲ့ စကားလုံးတွေဟာ ငြိမ်းချမ်းရေးကို ထိခိုက်မှာစိုးရိမ်တဲ့အတွက် ဆင်ခြင်ပြောခဲ့ကြပါသေးတယ်။

ဒီကနေ့ အချိန်မှာတော့ ပြည်သူ့လွှတ်တော်မှာ မအောင်မြင်လိုက်တဲ့ KIA , MNDAA, TNLA လက်နက်ကိုင် အဖွဲ့များ ရဲ့ ပြည်သူများအပေါ် ဆောင်ရွက်ချက် များအား ပြစ်တင်ရှုတ်ချကြောင်းနဲ့ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ် သင့်ကြောင့် အရေးကြီးအဆိုဟာ ရှမ်းပြည်နယ်လွှတ်တော်မှာ အောင်မြင် သွားတယ်လို့ ပြောရပါလိမ့်မယ်၊ ဒါဟာ ငြိမ်းချမ်းရေးအတွက် ကောင်းသော တွန်းအား တစ်ခုမဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတယ်ဆိုရင်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။

ဒီဇင်ဘာ (၆) ရက်နေ့က ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ လားရှိုးမြို့ အမှတ် (၂) ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သူက အရေးကြီးအဆို တင်သွင်းခဲ့ပါ တယ်၊ ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်သင့်ကြောင်း အဆိုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်၊ ကချင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇုတ်ဒေါင်စတဲ့ ကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးပြီး၊ ရပ်စောက်မြို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်ညီညီကျော် က ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။ နောက်ဆုံး မဲခွဲဆုံးဖြတ်ရာ မှာတော့ ကိုယ်စားလှယ် (၁၁၅) ဦးရှိရာ ထောက်ခံမဲ (၆၃) မဲ ၊ ကန့်ကွက်မဲ (၄၅) မဲ ၊ ကြားနေမဲ (၇) မဲ တို့နဲ့ ပြည်နယ်လွှတ်တော်က အဆိုကို အတည်ပြုလိုက်ပါတယ်။

နှစ်ပေါင်း (၇၀) နီးပါး ပြည်တွင်းစစ် အတွင်းမှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်မှာမှုတွေကတော့ တန်ဖိုးဖြတ်ဖို့တောင် အင်မတန် ခက်ခဲလှပါတယ်၊ ဒီကနေ့အချိန်ထိ ဆင်းရဲတွင်းက ရုန်းမထွက်နိုင်သေး တာဟာ တိုင်းပြည်ကို ဦးဆောင် ခဲ့တဲ့ လူတွေရဲ့ နိုင်ငံရေး ယုံကြည်ချက်တွေ၊ တိုင်းပြည်အပေါ် ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေ မကောင်းခဲ့လို့ ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်၊ ပြည်တွင်းစစ်မီး အတွင်းမှာ တိုင်း ရင်းသား ဒေသခံပြည်သူတွေမှာ အသက်ဆုံးရှုံးမှုတွေ ရှိပြီး ဒုက္ခပေါင်းများစွာကို ခံစားကြရပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူရေး၊ လူ့အခွင့်အရေးတွေ ပျောက်ဆုံးခဲ့ တာက ပြည်တွင်းစစ်ကို အဓိက ဖြစ်ထွန်းစေခဲ့တာပါပဲ။

ပြည်တွင်းစစ်အတွင်းမှာ အားလုံးဆုံးရှုံးခဲ့ကြတာပါပဲ၊ စစ်ဖြစ်ရာဒေသအတွင်းက ပြည်သူတွေကတော့ ပိုပြီး နစ်နာတော့တာပေါ့၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပြေးဒုက္ခသည် ပေါင်းများစွာ ရှိနေပါပြီ၊ နှစ်ပေါင်းများစွာကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းတည်ငြိမ်ရေးကို NLD အစိုးရအနေနဲ့ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ထင်ထားပေမယ့် လည်း  အခုအချိန်မှာတော့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်တို့ရဲ့ တိုက်ခိုက်မှုတွေဟာလည်း ပြင်းထန်နေပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတုန်းအချိန်မှာပဲ အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးရဲ့ လုပ်ဆောင်မှုတွေ၊ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် တရုတ်ခရီးစဉ် အဆင်မပြေခဲ့မှုတွေ၊ ရှမ်းပြည်နယ်လွှတ်တော်ရဲ့   အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်အတည်ပြုခဲ့တာတွေ၊ UNFC  က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တွေ့ဆုံပြီး  NCA  လက်မှတ် ထိုးနိုင်ရေး တောင်းဆိုချက်တွေ အဆင်မပြေတာကြောင့် NCA  လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေကတော့ ငြိမ်းချမ်းရေးခရီးစဉ်ဟာ ရှေ့ဆက် မတိုးဘဲ နောက်ကြောင်းပြန် လှည့်နေ တယ်လို့ ပြောဆိုလာကြပါပြီ။

NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေကတော့ အစိုးရတပ်မတော်နဲ့ ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးကုန်ပြီလို့ ပြောဆိုသံတွေ ကြားလာရပါပြီ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး ဆိုရင်တော့ ပြည်တွင်းစစ်ကြီးဟာ အနှစ်တစ်ရာ ပြည့်သွားလည်း ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ကြီး မပြီးဆုံးသမျှ စစ်ဖြစ် ဒေသ အတွင်းက တိုင်းရင်းသားပြည်သူတွေရဲ့ စစ်ပြေးဒုက္ခသည် ဘ၀ဟာလည်း နောင်လာမယ့် မျိုးဆက် ပေါင်းများ စွာထိ ရှိနေအုံးမှာပါပဲ။ ပြည်တွင်းစစ် မရပ်စဲနိုင်ရင် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်လို့ ဘယ်တော့မှ ပြောလို့ ရမှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းမှုမရှိတဲ့ တိုင်းပြည်ကလည်း ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ယုံကြည်မှုနဲ့ တည်ဆောက်ရတဲ့ ငြိမ်းချမ်းရေးဟာ ယုံကြည်မှု ကင်းမဲ့သွားခဲ့ရင် ငြိမ်းချမ်းရေးဆိုတာလည်း ရမှာမဟုတ်တော့ဘူး၊ တိုက်ပွဲတွေဟာလည်း နေ့ရာအနှံ့ ဖြစ်နေအုံးမှာပါပဲ။ အမျိုးသားရင်ကြားစေ့ ရေးကိုသာ မတည်ဆောက်နိုင်ခဲ့ရင် တိုင်းရင်းသားပေါင်း စုံနေထိုင်တဲ့ မြန်မာနိုင်ငံဟာ အနာဂတ် မျှော်လင့်ချက် ဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်ဆိုတာလည်း ဖြစ်မှာ မဟုတ်တော့ဘူး။ မြန်မာ့နိုင်ငံရေးဟာ တစ်ကယ်ပဲ နောက်ကြောင်းပြန်လှည့်သွားမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မျှော် လင့်စရာ မရှိတော့ ပါဘူး။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း NLD အစိုးရအနေနဲ့ သေနတ်သံတွေရပ်စဲပြီး ငြိမ်းချမ်းရေး အပြောင်း အလဲတွေ ဖြစ်လာအောင်လုပ်ဖို့ အချိန်တန်ပါပြီ။

ဒီကနေ့ နိုင်ငံကို ဦးဆောင်ပြီး လုပ်ဆောင်နေသူတွေ အားလုံးအနေနဲ့ ကိုယ့်သမိုင်း၊ ကိုယ့်နိုင်ငံရဲ့ သမိုင်းကို အကောင်းဆုံးရေးဖို့ လိုအပ်ပါတယ်၊ ငြိမ်းချမ်းရေးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး မပါဝင်ဘဲနဲ့ တစ်ဦး တစ်ယောက် တစ်ဖွဲ့တည်းနဲ့ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ၊ အဲဒါကြောင့် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အစိုးရအနေနဲ့ အားလုံး ပါဝင် လာနိုင်ရေး၊ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးကို နှစ်ဖက်ခေါင်းဆောင်တွေ ပါဝင်တဲ့စားပွဲဝိုင်း မှာ နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ကိစ္စကို အရေးတကြီး ဦးစား ပေးအချက်အဖြစ် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

နှစ်ပေါင်းများစွာ ကြာပြီဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ ဖြေရှင်းတာတွေ ရပ်တန့်ပြီး နိုင်ငံရေးနည်း နဲ့ ဖြေရှင်းကြပါ။ တိုင်းပြည်လည်း ဆင်းရဲတွင်းက လွတ်မြောက်အောင်လုပ်ဖို့ တည်ငြိမ်အေးချမ်းဖို့ လိုနေပါပြီ၊ NLD အစိုးရအနေနဲ့ အခက်အခဲတွေရှိရင် ပြည်သူတွေကိုချပြပါ၊ အမျိုး သားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းစစ် ပြီးဆုံးရေးအတွက် သေနတ်သံတွေ ရပ်စဲရေး အတွက် တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ လိုလား ချက်အရ ငြိမ်းချမ်းရေးကို အဓိကထား လုပ်ဆောင်ပါ။

အရေးအကြီး ဆုံးကတော့ သေနတ်သံတွေ ရပ်ဖို့အတွက် အစိုးရရဲ့ အကောင်းဆုံး ခြေလှမ်းတွေ အမြန်ဆုံး စဖို့လိုနေပါပြီ။ တိုင်းရင်းသားအားလုံးရဲ့ ယုံကြည်မှုကို အစိုးရအနေနဲ့ အမြန်ဆုံးရယူဖို့လိုနေပြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို လျှောက်လှမ်းနိုင်ရေး အတွက် အပြောင်းအလဲတွေလုပ်ဖို့ အရေးတကြီး လိုအပ်နေပြီဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...