Thursday, May 26, 2016

စတုတ္ထမဏ္ဍိုင်ကို လက်ခံနိုင်တယ်လို့ သူတို့ပြောတဲ့ စကားလုံးကို ကျွန်တော်ကတော့ လက်ခံစရာ အကြောင်းကို မရှိဘူး

တိုင်းရင်းသားသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သတ်ပြီး ရန်ကုန်သတင်းစာပညာသင်တန်းကျောင်း (Yangon Journalism School) တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးနှင့်တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။
ဝင်းဇော်နိုင် 
မေး ။ တိုင်းရင်းသားသတင်းမီဒီယာတွေ ဆက်လက်ခိုင်မာအောင် လုပ်ဆောင်နိုင်ဖို့အတွက် ဘာတွေလိုအပ်မလည်းဆရာ။




ဖြေ။ အခုကတော့ တိုင်းရင်းသားမီဒီယာတွေက ရှိတော့ ရှိနေတာပေါ့ဗျာ၊ ဒါပေမယ့် ဈေးကွတ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ခက်ခဲနေတဲ့ အခြေအနေကတော့ တွေ့နေရတယ်၊ တိုင်းရင်းသား မီဒီယာမှ မဟုတ်ပါဘူး တိုင်းရင်းသားဒေသမဟုတ်တဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းလိုနေရာမျိုးတွေနဲ့ အခြားတိုင်းနဲ့ပြည်နယ်အချို့မှာ ရှိတဲ့ သတင်းဂျာနယ်တွေဟာ ဈေးကွတ်မှာ ရပ်တည်ဖို့ ခတ်ခဲတဲ့ အခြေအနေမှာရှိတယ်။ တိုင်းရင်းသားမီဒီယာအနေနဲ့ ပြောမယ်ဆိုရင်တော့ အခတ်အခဲတွေထဲမှာ ဘာသာစကားအခတ်အခဲကလည်း ကြီးကြီးမားမားရှိတယ်။ တိုင်းရင်းသား ပြည်နယ်တစ်ခုတည်းမှာကိုက မတူညီတဲ့ ဘာသာစကားတွေ သုံးနေကြတာရှိတယ်။ အခုအချိန်မှာတော့ မြန်မာဘာသာစကားကို အခြေခံပြီး အသုံးချနေတယ်ဆိုတော့ တစ်ကယ်တမ်းမှာ မြန်မာဘာသာစကားအခတ်အခဲရှိတဲ့ စာဖတ်ပရိတ်သတ်တွေ ရေဒီယိုသောတရှင်တွေအတွက်က အများကြီးအခတ်အခဲရှိတယ်။

 တစ်ကယ်တော့ လူတိုင်းက သတင်းအချက်အလက် လိုတာပဲ။ သတင်းအချက်အလက်ရမှဘဲ ကိုယ့်မိသားစုအတွက် လုပ်ငန်းကိုင်ငန်းအတွက် ဆုံးဖြတ်ချက်ချနိုင်မယ်။ ဥပမာ
ကောက်ပဲသီးနှံနဲ့ပတ်သတ်တဲ့ သတင်းတွေလိုမယ် ဈေးကွတ်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေလိုမယ် တဖက်မှာ ရာသီဥတုသတင်းတွေ သိဖို့ လိုအပ်မယ်။ နောက် မတူညီတဲ့ ယဉ်ကျေးမှုနဲ့ မတူညီတဲ့စာပေ သီချင်းတွေ ဖျော်ဖြေရေးတွေ လိုအပ်မယ်။ အခုလောလောဆယ် အကြီးမားဆုံး အခတ်အခဲတစ်ခုအနေနဲ့ ကျွန်တော်မြင်တာကတော့ ပုံနှိပ်ပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် ဈေးကွတ်မှာ ရပ်တည်ဖို့ အင်မတန်ခတ်ခဲနေတယ်။ အလှူရှင်တွေနဲ့ သွားမယ်ဆိုရင်လည်း အချိန်တစ်စုံတစ်ရာထိဘဲ သွားနိုင်မယ်၊ ရေရှည်မှာ ရပ်တည်နိုင်မယ့် အခြေအနေမျိုး ဖြစ်အောင်လုပ်ဖို့အတွက် မီဒီယာသမားတွေက ကိုယ့်ဈေးကွက်ကို နားလည်ဖို့ လိုတယ်။

လမ်းပန်းဆက်သွယ်ရေးတွေ ပိုပြီးတော့ ကောင်းမွန်လာဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ဖြန့်ချိရေးတင်မကဘူး ပုံနှိပ်ဖို့အတွက် ရန်ကုန်လို မန္တလေးကို မြို့ကြီးတွေကို အမှီပြုနေရတယ်ဆိုရင် စာဖတ်ပရိတ်သတ်တွေလက်ထဲ အချိန်မှီရောက်ဖို့က လွယ်မှာမဟုတ်ဘူး။ တစ်ဖက်မှာ အသံလွှင့်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ရေဒီယိုတွေဟာ ပရိတ်သတ်လိုချင်နေတဲ့ သတင်းအချက်အလက်တွေကို များများမပေးနိုင်ဘူး။ သူတို့က သူတို့ပြောတဲ့ ဖျော်ဖြေရေးလို့ပြောတဲ့ အစိုးရနဲ့ အဆင်ပြေတဲ့ သတင်းတွေနဲ့ ဖျော်ဖြေရေးတွေပဲ ပေးနေတာဖြစ်တယ်။ တစ်ကယ်တော့ နိုင်ငံတော်က ဖြစ်နိုင်ရင်တော့ ဒေသခံရေဒီယိုလို Community လိုဟာမျိုးတွေ ဒေသခံ ဘာသာစကားတွေနဲ့ လွှင့်နိုင်ဖို့လိုတယ်၊ တရုတ်ကထုတ်တဲ့ ဈေးချိုတဲ့ ရေဒီယိုတစ်လုံးနဲ့ မိသားစုတစ်စုဟာ သတင်းအချက်အလက်လဲရမယ် ဖြော်ဖြေရေးလည်း ရမယ်ဆိုရင် အဆင်ပြေတယ် ဒါမျိုးတွေလုပ်နိုင်ဖို့ အစိုးရက အားပေးသင့်တယ်ထင်တယ်။
မေး ။ လက်တလောမှာကဆရာ တိုင်းရင်းသားမီဒီယာတော်တော်များများက နိုင်ငံတကာ အလှူရှင်တွေနဲ့ဘဲ ရပ်တည်နေကြရတယ်ခင်ဗျ၊ အရင် စစ်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးနဲ့နွှယ်ပြီး အလှူရှင်တွေက ထောက်ပံ့ခဲ့ကြတယ်ခင်ဗျ၊ အခုတော့ အစိုးရသစ်ကလည်း ပြောင်းလဲလာပြီ၊ ဒီမိုကရေစီလို့လည်း ကြွေးကြော်နေပြီ အဲတော့ တိုင်းရင်းသားမီဒီယာတွေ အလှူရှင်တွေမပါဘဲနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ ဘယ်လိုပုံစံမျိုးတွေနဲ့ လုပ်လို့ ရနိုင်မလဲခင်ဗျ။
ဖြေ ။ နိုင်ငံတစ်ကာ အလှူရှင်နဲ့ သွားတဲ့ဟာကတော့ ထာဝရဆိုတာ မဖြစ်နိုင်ဘူး။ ရေရှည်မှာတော့ တိုင်းပြည်က ဒေသခံမီဒီယာလေးတွေ ပေါ်လာဖို့အတွက် တက်နိုင်သလောက်ကူညီသင့်တယ်၊ တက်နိုင်သလောက်ကူညီသင့်တယ်ဆိုတာက ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနကသော်လည်းကောင်း၊ သမ္မတရုံးကနေသော်လည်းကောင်း မူဝါဒကို ချုပ်ကိုင်ဖို့ ပြောတာမဟုတ်ဘူး၊ တစ်ကယ့်ကို သူတို့ မြေဆီလွှာနဲ့ သူတို့ ဖွံ့ဖြိုးလာဖို့အတွက် လုပ်ပိုင်ခွင့် ပေးတာမျိုးတွေ ဖြစ်ရမယ်။ နောက်ပြီးတော့ သူတို့တွေ မှန်မှန်ကန်ကန်လုပ်နိုင်ဖို့အတွက် ကျွမ်းကျင်မှုအပိုင်းကို သတင်းစာကျောင်းတွေကနေတဆင့် ပံ့ပိုးပေးတာမျိုးတွေ လုပ်ပေးနိုင်ဖို့လိုတယ်။ ဒါဆိုရင်တော့ ကျွန်တော်ထင်တယ် ပုံနှိပ်သည် ထိုက်သင့်သလောက် မရှင်သန်နိုင်ရင်တောင်မှ ရောက်လွယ်တဲ့ ရေဒီယိုကတော့ ရှင်သန်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။
မေး ။ ဟုတ်ကဲ့ဆရာ အခုထုတ်ပြန်ထားတဲ့ Broadcasting Law (ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ ) ထဲမှာ မှတ်ပုံတင်ပြုလုပ်တဲ့နေရာမှာ ဗဟိုက ချုပ်ကိုင်ထားတာမျိုးတွေ ပါနေတယ်ခင်ဗျ၊ အဲတော့ ပြည်နယ်တွေမှာ လုပ်ဆောင်တဲ့ တိုင်းရင်းသားမီဒီယာတွေမှာ နေရာဒေသနဲ့ ဘာသာစကား အခတ်အခဲတွေက ရှိနေပြန်တယ်ခင်ဗျ၊ အဲတော့ ဗဟိုကချုပ်ကိုင်ထားတာတွေကို ပြည်နယ်တွေမှာ ခွဲပေးသင့်သလား ဒီလိုချုပ်ကိုင်ထားမှုတွေနဲ့ ပတ်သတ်ပြီး ဆရာ့အမြင်ကို သိချင်ပါတယ်ခင်ဗျ။
ဖြေ ။ ကျွန်တော်ကတော့ အရမ်းဗဟိုကထိန်းချုပ်လွန်းတာကို အစကတည်းက သဘောမကျဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ထိန်းချုပ်မှုများရင် ငွေကြေးအင်အားလည်း နည်းပါးတယ်၊ အစုအဖွဲ့ တောင့်တင်းမှုလည်း မရှိတဲ့ တိုင်းရင်းသား ရုပ်သံမီဒီယာတွေ ထွက်လာဖို့အတွက် အင်အားနည်းမယ်လို့ ထင်တယ်။ ဒါမှမဟုတ်ရင် ဘယ်လိုမျိုးဖြစ်လာနိုင်မလည်းဆိုတော့ အရမ်းအုပ်စုကြီးပြီးတော့ ငွေကြေးတောင့်တင်းလွန်းတဲ့ အဖွဲ့ကြီးတွေကပဲ လုပ်ခွင့်ရနေမှာမျိုးကိုလည်း စိုးရိမ်တယ်၊ အဲဒီအခါကျတော့ အစိုးရက ချုပ်ကိုင်ပြီး မလုပ်သည့်တိုင်အောင်မှ ချမ်းသာတဲ့ အဖွဲ့ကြီးတွေကဘဲ တစ်နိုင်ငံလုံးမှာ ရှိတဲ့ National မီဒီယာကြီးတွေကိုလဲ ချုပ်ကိုင်မယ် တိုင်းနဲ့ပြည်နယ်မှာလဲ သူတို့ရဲ့ မီဒီယာကိုယ်ပွားတွေ လိုက်လုပ်တယ်ဆိုတာမျိုးသူတို့ဘဲ ချုပ်ကိုင်မယ်ဆိုတာမျိုးကိုလည်း စိုးရိမ်တယ်၊ ဖြစ်နိုင်မလားတော့ မသိဘူး အစိုးရမဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းလိုမျိုး တစ်ခုကနေပြီးတော့ ဥပဒေ စည်းကမ်းကို ထိန်းသိမ်းပြီးတော့ လုပ်စေချင်တယ်၊ ဖြစ်နိုင်ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေကို တက်နိုင်သလောက်ခွဲပေးရင် ကောင်းမယ်။
မေး ။ အစိုးရသစ်တက်လာပြီးနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သတ်ပြီး ဆရာဘယ်လိုမြင်ထားလဲခင်ဗျ၊ မီဒီယာလွတ်လပ်ခွင့်ဟာ အစိုးရသစ်လက်ထက်မှာ အပြည့်အဝဘဲ ရနေပြီလား၊ ဒါမှမဟုတ် မရသေးဘူးဆိုရင်လဲ ဘယ်လိုအရာမျိုးတွေ ရှိနေသေးလည်းခင်ဗျ။
ဖြေ ။ အခုအစိုးရသစ်မှာ အပြုသဘောဆောင်တဲ့အနေနဲ့ တွေ့ရတာကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဂျာနယ်လစ်တွေကို ပြန်လွှတ်ပေးတာရှိတယ် ဒါဟာ ကျွန်တော်တို့ ကြိုဆိုရမယ့် ကိစ္စဘဲ ဒါကောင်းတဲ့ ကိစ္စဘဲ၊ ဒါဟာ ကောင်းမွန်တဲ့ သင်္ကေတတစ်ခုကို အမူအယာပြတယ်လို့ ကျွန်တော်မြင်တယ်။ ဒါပေမယ့် လောလောဆယ်မှာက အစိုးရသစ်သည် ရက်ပိုင်းအတွင်း လပိုင်းအတွင်းမှာဘဲ ရှိသေးတယ်၊ ဒါကြောင့် အစိုးရသစ်ကို စောင့်ကြည့်ရမယ့် အနေအထားဘဲ ရှိသေးတယ်။ တစ်ခုဘဲ ကျွန်တော့်အနေနဲ့ မြင်တာကတော့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဆရာဦးဖေမြင့်က ဝန်ကြီးအနေနဲ့ လုပ်နေတယ်၊ မြန်မာ့အလင်း ကြေးမုံက အရင်အစိုးရလိုင်းအဟုတ်တော့ဘဲနဲ့ ဒီအစိုးရတက်လာပြီး ဧပြီ ၁ ရက်ကနေစပြီးတော့ပုံစံကအခုမဲဆန္ဒရှင်အများစုသဘောကြမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မီးမောင်းထိုးပြီးတော့ တင်ပြသွားတဲ့ အပြောင်းအလဲကို တွေ့ရတယ်။

သို့သော် တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လည်း ဒါလဲ အစိုးရကို မီးမောင်းထိုးပြတာပဲ၊ ဟိုတုန်းကတော့ ဦးသိန်းစိန်အစိုးရကို မီးမောင်းထိုးပြတာ အခုကတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို မီးမောင်းထိုးပြတယ်၊ ပြည်သူအများစုကတော့ ဒီချုပ်အစိုးရကို ထောက်ခံလို့ ဝမ်းသာသော်လည်းဘဲ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ ဝန်ကြီးဌာနဟာ သတင်းစာကိုဆက်ပြီးတော့ အစိုးရအာဘော်အဖြစ် ဆက်ပြီးတော့ မောင်းနှင်နေဆဲဘဲ ဆိုတာကိုတော့ ကျွန်တော် အဲဒါကို သိပ်သဘောမကျဘူး။
မေး ။ ဟုတ်ကဲ့ဆရာ အစောကပြောခဲ့တဲ့ ရုပ်သံမီဒီယာ ဥပဒေမှာပါသလို ဗဟိုထိန်းချုပ်မှု များတဲ့အနေအထားက နိုင်ငံတစ်ကာမှာကော ရုပ်သံမီဒီယာတွေနဲ့ ပတ်သတ်ရင် ဘယ်လိုတွေရှိလည်းခင်ဗျ။
ဖြေ ။ ကျွန်တော် သိသလောက်ဆိုရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံတော့မတူဘူး၊ နိုင်ငံတိုင်းမှာတော့ ထိန်းချုပ်မှုက မရှိဘူးမဟုတ်ဘူး ရှိကြတာပါပဲ။ သို့သော် တတိယနိုင်ငံကနေပြီးတော့ ဖွံ့ဖြိုးစဖြစ်လာတဲ့ နိုင်ငံတော်တော်များများကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ခုနကပြောတဲ့ ဒေသခံအစုအဖွဲ့ရေဒီယိုတွေရဲ့ အခန်းကဏ္ဍကတော့ အင်မတန်အရေးကြီးတယ်၊ မြို့ငယ်လေးတစ်မြို့မှာ ရေဒီယိုစတေရှင် တစ်ခုရှိမယ်၊ ဝန်ထမ်းအနည်းငယ်ရှိမယ်၊ သီချင်းဖွင့်မယ် ၊ ခနနေရင် သတင်းလာမယ်၊ အဲဒီသတင်းထဲမှာ ဒို့မြို့လေးကို မုန်တိုင်းလာနေပြီဆိုတဲ့ သတင်းလဲ ပါချင်ပါတယ်၊ အဲဒီမြို့က သင်းအုပ်ဆရာတော် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းလည်းပါချင်ပါမယ်၊ ဒီမြို့လေးကို ကျောင်းဆရာတစ်ယောက် ပြောင်းလာပြီဆိုတဲ့ သတင်းလည်းပါချင်ပါမယ်၊ မြို့သေးသေးလေးတစ်ခုမှာ ရေဒီယို Station တစ်ခု ကမ္ဘာနဲ့ ချိတ်ဆက်သွားလို့ရတယ် သူတို့ ဖျော်ဖြေလို့ရတယ်၊ ကောက်ပဲသီးနှံသတင်းတွေ ဈေးကွက်သတင်းတွေရတယ်၊ သူတို့ကိုယ်တိုင် အဲဒီမှာ အင်တာဗျူးတွေမှာဝင်ပါခွင့် ရချင်ရမယ်၊ အဲဒါတွေရဲ့ အခန်းကဏ္ဍကတော့ တော်တော်များများ ဦးစားပေးရင်ကောင်းမယ်၊ ဘာကြောင့်လဲဆိုတော့ စာကိုမဖတ်တက်တဲ့ မဖတ်နိုင်တဲ့ တိုင်းရင်းသားတွေ ပြည်သူတွေအတွက် အဲဒီလို ရေဒီယိုတွေက တော်တော်အရေးကြီးတယ်။ တစ်ကယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကသာ နိုင်ငံတစ်ကာနဲ့ ပူးပေါင်းပြီးတော့ ဒေသခံအစုအဖွဲ့ရေဒီယိုမျိုးလေးတွေကို ကူညီလုပ်ပေးနိုင်ရင် ကောင်းမယ်။ အင်ဒိုနီးရှားမှာ ၂၀၀၄ ဒီဇင်ဘာ ၂၆ စူနာမဏီတိုက်တဲ့အခါမျိုးမှာ လူတွေရဲ့ အသက်ကို ကယ်တင်ခဲ့တာ အဲဒီ အစုအဖွဲ့ရေဒီယိုလေးတွေဘဲ။
မေး ။ အခုဆိုရင်ဆရာ ဂျာနယ်တွေအနေနဲ့ ဈေးကွက်အရသိပ်အဆင်မပြေတာတွေ ရှိလာတယ်၊ သတင်းသမားတွေအနေနဲ့လည်း သတင်းလောကကိုစွန့်ခွါပြီး အခြား အသက်မွေးဝမ်းကျောင်းပိုင်းကို ကူးသွားတာတွေ တွေ့နေရတယ်ခင်ဗျ၊ အဲဒီတော့ မီဒီယာ သမားတွေကော သတင်းစာဂျာနယ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ဆရာ ဘယ်လိုအကြံမျိုးပေးချင်ပါသလည်းခင်ဗျ။ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာတွေ လိုအပ်မလည်းဆရာ။
ဖြေ ။ အခုတကယ် ခြိမ်းခြောက်ခံနေရတာက ပုံနှိပ်မီဒီယာပဲ ဟုတ်တယ်မို့လား။ ပုံနှိပ်မီဒီယာတွေ ပိတ်ရတာရှိတယ်၊ ဝန်ထမ်းတွေလျော့ချရတာတွေရှိတယ်၊ ဂျာနယ်လစ်တွေ အလုပ်အကိုင်ရှာဖွေရေး ခတ်ခဲနေတယ်ဆိုတာ ကျွန်တော်နေ့စဉ်နဲ့အမျှကြားနေရပါတယ်။ အဓိကတော့ သတင်းစာတွေ သေဆုံးသွားတာ မဟုတ်ဘူး၊ ပုံနှိပ်သတင်းစာတွေ ဈေးကွက်မှာ အခြေမလှတာပဲ ဖြစ်တယ်။ လက်တစ်ဆုပ်စာ ပုံနှိပ်သတင်းစာဘဲ အခြေလှတယ်၊ အများစုက အခြေမလှဘူး ရုန်းကန်နေရတယ်၊ တစ်အချက် ကျွန်တော်တို့ လက်ကို လက်ခံရမှာက လူတွေ သတင်းရယူတဲ့ ပုံစံက ပြောင်းကိုပြောင်းနေပြီး၊ Digital သွားမယ်ပေါ့ဗျာ၊ Online ကနေတစ်ဆင့် Face book ကနေတစ်ဆင့် သတင်းအချက်အလက်ယူမယ်၊ ရေဒီယိုကနေ သတင်းအချက်အလက်ကိုယူမယ်ဆိုတော့ ပုံနှိပ်သတင်းစာတွေ အနေနဲ့ သတင်းတွေကို ဖြန့်ဝေတဲ့အခါမှာ မဟာဗျူဟာ ပြောင်းကိုပြောင်းလဲဖို့ သင့်ပြီလို့တော့ မြင်တာဘဲ။ စက္ကူတွေပေါ်မှာ စာလုံးတွေ ရိုက်ပြီးတော့ မော်တော်ကား လေယာဉ် သင်္ဘော ရထားကတစ်ဆင့် သယ်ဆောင်သွားတဲ့ ပုံစံမဟုတ်ဘဲနဲ့ ခလုတ်တစ်ချက် နှိပ်ယုံနဲ့စာဖတ်ပရိတ်သတ်တွေဆီ စမတ်ဖုန်းကတစ်ဆင့် သတင်းတွေရောက် သွားရမယ်ဆိုတဲ့ မဟာဗျူဟာ ပြောင်းကိုပြောင်းရတော့မယ်ဆိုတဲ့ ခေတ်ကို ပြနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ဒုတိယအချက်က အဲလိုပြောတဲ့အတွက် လုံးလုံးပုံနှိပ်သတင်းစာတွေ မလိုအပ်ဘူးတော့ မဟုတ်ဘူး၊ ပုံနှိပ်သတင်းစာတွေ လက်ထဲမှာ ကိုင်ပြီးတော့ ဖတ်နေတဲ့လူတွေ ဒုနဲ့ဒေးရှိနေသေးတယ်။ ဒါပေမယ့် ပုံနှိပ် နေ့စဉ်သတင်းစာ အများကြီးတော့ ရပ်တည်နိုင်မှာ မဟုတ်ဘူး။ တစ်ကယ်အရည်အသွေးကောင်းတဲ့ တစ်ကယ့်ကိုဖတ်လို့ကောင်းမယ့် ဖြန့်ချိရေး ထက်ထက်မြတ်မြတ်ဖြစ်တဲ့ သတင်းစာမျိုးကသာ ရပ်တည်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။
မေး ။ မြန်မာနိုင်ငံမှာက တိုင်းရင်းသားပေါင်းစုံနေထိုင်ကြတာဆိုတော့ တိုင်းနဲ့ပြည်နယ် အဓိကတော့ ဖွံ့ဖြိုးမှုနည်းနေတဲ့ တိုင်းရင်းသားပြည်နယ်တွေက မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုက ဘယ်လောက်အရေးပါလဲ ဆရာ။
ဖြေ ။ တိုင်းရင်းသားမီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သူတို့အတွက် အရမ်းကိုအရေးကြီးတယ်၊ ဘာကြောင့်တုန်းဆိုတော့ ရန်ကုန်မှာအခြေစိုက်တဲ့ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားတွေက သူတို့ဒေသနဲ့ သူတို့စီးပွားရေးနဲ့ သူတို့အနာဂတ်အတွက် လွှင့်ပေးနိုင်မယ်ဆိုတာ ဘယ်လောက်ပဲ လွှင့်ပေးနိုင်မှာလဲ။ သူတို့ကိုယ်တိုင် ထုတ်လုပ်တဲ့ သူတို့ဘာသာစကားနဲ့ ထုတ်လုပ်တဲ့ သူတို့ လူမျိုးတွေကိုယ်တိုင် ကိုင်တွယ်လည်ပတ်တဲ့ အရာတွေကသာ သူတို့အကျိုးစီးပွား သူတို့ယဉ်ကျေးမှု ၊ သူတို့အတွက် ပညာရေး ကျန်းမာရေး ဒါတွေကို သေချာအာရုံစိုက်လုပ်ပေးနိုင်မယ် ဆိုတော့ အရမ်းကို အရေးကြီးပါတယ်။ မြန်မာက အရမ်းကိုမတူညီတဲ့ ဘာသာစကားကော ယဉ်ကျေးမှုကော ဘာသာရေးကော လူမျိုးရေးကော အတူညီတာတွေက အရမ်းများတယ်။ ချင်းလိုတစ်ပြည်နယ်ထဲမှာတောင်မှ ဒေသတစ်ခုနဲ့တစ်ခု မတူညီတဲ့ ဘာသာစကားတွေက အများကြီးရှိတယ်။
မေး ။ သူတို့တွေကိုယ်တိုင် ဆက်လက်ရပ်တည်နိုင်ဖို့က ဘယ်လိုအကောင်းဆုံးလုပ်ရင် အဆင်ပြေမလည်းဆရာ။
ဖြေ ။ အခုကလည်း တိုင်းရင်းသားနယ်မြေ ဒေသတွေမှာလည်း သတင်းစာပညာနဲ့ပတ်သတ်တဲ့ တက်ကျွမ်းနားလည်တဲ့ လူငယ်တွေ အများကြီးရှိနေပါပြီ၊ သူတို့တွေကလည်း တစ်ကယ့် သဓိဌာန်ရှိရှိနဲ့ လုပ်ဖို့လိုမယ်။ သူတို့ဈေးကွက်ကို သူတို့ တစ်ကယ်နားလည်ဖို့လိုတယ်၊ သူတို့စာဖတ်ပရိတ်သတ်တွေ နားဆင်သူတွေ အဲဒါတွေကို တစ်ကယ်နားလည်ဖို့ လိုမယ်။ အခုမီဒီယာတွေ စီးပွားရေးအရ မရပ်တည်နိုင်တဲ့ အခြေအနေက တိုင်းရင်းသားမီဒီယာမှမဟုတ်ဘူး ရန်ကုန်အတွင်း မန္တလေးအတွင်းမှာရှိတဲ့ မီဒီယာတွေလည်း မရပ်တည်နိုင်တာတွေ ရှိတယ်။ တစ်အချက်က သူတို့က မစခင်မှာ ဈေးကွက်နဲ့ ပတ်သတ်ပြီး သုတေသနပြုတာတွေ တော်တော်ကိုရှားတယ်။ ကြော်ညာရှင်တွေ ဘယ်လိုရောက်လာနိုင်တယ် ကြော်ညာနဲ့ ပတ်သတ်ပြီး စနစ်တကျလိုက်တာ ကိုယ့်ရဲ့ သောတရှင်တွေက ဘာတွေဖြစ်မယ် စာဖတ်ပရိတ်သတ်တွေက ဘာတွေဖြစ်မယ် နောက် ဘယ်လိုအကြောင်းအရာတွေကို သူတို့က ပိုပြီးသိချင်ကြမယ်၊ ဘာတွေကို သူတို့ပိုပြီး သိချင် ဖတ်ချင်ကြမလည်းဆိုတာမျိုး ဒါတွေနဲ့ပတ်သတ်ပြီး စနစ်တကျလုပ်တာလည်း အားနည်းတယ်။ နောက်တစ်ခုက နိုင်ငံတစ်ကာက ငွေကြေးအရသာ ထောက်ပံ့ချင် ထောက်ပံ့မယ် တစ်ကယ်တမ်းကျတော့ ဒါသည် ပြည်တွင်းမှာရှိတဲ့ နိုင်ငံတော်အနေနဲ့က ကူညီနိုင်တာတွေရှိတယ် သေချာထိုင်စဉ်းစားရင် တွေ့ပါတယ်။ ဥပမာ သတင်းစာနဲ့ပတ်သတ်ပြီး ဖြန့်ချီရေးလုပ်တဲ့နေရာမျိုးတွေမှာ ကူညီတာမျိုး၊ အခွန်နဲ့ ပတ်သတ်ပြီးတော့ သက်သာအောင်လုပ်ပေးတာမျိုး အခြားသော အချက်အလက်တွေ အများကြီးဘဲ နိုင်ငံတော်အနေနဲ့က ကူညီလို့ ရပါတယ်။ နောက်တစ်ခုက သူတို့တွေ တစ်ကယ်ရပ်တည်နိုင်ဖို့ဆိုရင် အဲဒီ တိုင်းဒေသကြီးတွေ ပြည်နယ်တွေမှာရှိတဲ့ အစိုးရနဲ့ ဗဟိုအစိုးရအပါအဝင် အားလုံးက ဒီမီဒီယာတွေကို စိတ်ရှည်လက်ရှည်နဲ့ သတင်းအချက်အလက်တွေ ပေးဖို့လိုတယ်။ အစိုးရနဲ့ သက်ဆိုင်တဲ့ လွှတ်တော်ရုံးတွေ အပါအဝင် ကျန်းမာရေးကနေ ဆက်သွယ်ရေးအထိ အားလုံးရဲ့ ပုံမှန် သတင်းထုတ်ပြန်ချက်တွေကို ရနေမယ်ဆိုလို့ရှိရင် ဒီမီဒီယာတွေကို ပြည်သူတွေက အားကိုးတကြီးနဲ့ နားထောင်မှာဘဲ။
မေး ။ လက်ရှိအခြေအနေမှာကောဆရာ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ အစိုးရရုံးတွေနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်မှုတွေပေါ်မှာ ဘယ်လိုမြင်လည်းဆရာ။
ဖြေ ။ တစ်ချို့နေရာတွေမှာ မဆိုးဘူး၊ တစ်ချို့နေရာတွေမှာ မထူးခြားသေးဘူး၊ အဲတော့ ဒီချုပ်အစိုးရအဖွဲ့ကလည်း ကျွန်တော်ကြားသလောက် တစ်ချို့နေရာတွေမှာ ပြောင်းလဲဖို့ ကြိုးစားတာတွေ ရှိတယ်။ သို့သော် တစ်ချို့သော အစိုးရဌာနတွေက ခုချိန်ထိ သတင်းမီဒီယာဆိုတာ ထော်လော်ကန့်လန့်တိုက်သူလို့ မြင်နေတဲ့ အမြင်တွေ မပြောင်းသေးဘူး။ ဒါက သတင်းမီဒီယာတွေ အတွက်မှ မဟုတ်ဘူး ကျွန်တော်ထင်တယ် ဒီချုပ်အစိုးရအဖွဲ့မှာတောင်မှ အလုပ် လုပ်ရတာခတ်ခဲနေတယ်လို့ ကျွန်တော့် စိတ်ထဲမှာထင်တယ်။ အခက်အခဲတွေကတော့ အများကြီး ရှိနေအုံးမယ်။
မေး ။ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အစိုးရကိုယ်တိုင်က မီဒီယာတွေကို ကူညီနိုင်ရေးတွေနဲ့ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ ပတ်သတ်ပြီး ဆရာ့အနေနဲ့ ပြောစရာရှိရင် ပြောနိုင်ပါတယ်ဆရာ။
ဖြေ ။ လောလောဆယ်မှာ သူတို့မှာ ဥပဒေတွေလည်းရှိတယ် ဆရာဦးဖေမြင့်ပြောထားတာက ဥပဒေတစ်ချို့ဟာလည်း ပြန်လည်သုံးသပ်ရမယ်လို့ ပြောထားတာရှိတယ်၊ လောလောဆယ် လုပ်စေချင်တာကတော့ ဗဟိုအစိုးရအဖွဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ရုံးတွေဟာ တိုင်းရင်းသားသတင်းမီဒီယာတွေမှမဟုတ်ဘူး အခြားမီဒီယာတွေအပါအဝင် အားလုံးကို လက်တွဲဖို့လိုအပ်တယ်၊ သတင်းအချိန်မရွေးထုတ်ပြန်ပေးပါ၊ သူတို့တွေဆီကသာ တစ်ကယ်မှန်ကန်တဲ့ သတင်းအချက်အလက်တွေရတယ်ဆိုရင် စာဖတ်ပရိတ်သတ်တွေ သောတရှင်တွေက အားကိုးမှာ၊ လက်တွဲပြီး အလုပ်လုပ်တယ်ဆိုတာ စိတ်တူကိုယ်တူလို့ ပြောတာမဟုတ်ဘူး၊ ပုံမှန်သတင်းစာရှင်းလင်းပွဲလုပ်တာ သတင်းထုတ်ပြန်ချက်ပေးတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် သတင်းစာဆရာတွေ ခေါ်ပြောတာ၊ သတင်းသမားတွေအတွက် နေရာတွေကို အစိုးရရုံးတွေ လွှတ်တော်တွေမှာ သီးခြားထားပေးတာ၊ နောက် ဌာနတိုင်းမှာ လျှပ်စစ်ပဲဖြစ်ဖြစ် ပညာရေးဘဲ ဖြစ်ဖြစ် ဆက်သွယ်ရေးဘဲဖြစ်ဖြစ် ပြောရေးဆိုခွင့် ရှိသူတွေ သေချာထားပေးတာ။ ပြီးခဲ့တဲ့ ၈တန်း စာမေးပွဲဖြေတုန်းက မကွေးတိုင်းမှာ ပြဿနာ ဖြစ်ခဲ့တုန်းက ဘာမှကို သတင်းထုတ်ပြန်ခဲ့တာတွေ မရှိဘူး။ အဲတော့ ပြီးခဲ့တဲ့ အစိုးရတုန်းကတော့ စတုတ္ထမဏ္ဍိုင်ကို လက်ခံနိုင်တယ်လို့ သူတို့ပြောတဲ့ စကားလုံးကို ကျွန်တော်ကတော့ လက်ခံစရာ အကြောင်းကို မရှိဘူး။ သေသေချာချာ လက်တွဲပြီး သတင်းအချက်အလက်တွေကို ပေးယုံနဲ့တင် တော်တော်လေးကို ကူညီရာရောက်ပါပြီ။
 ဒါပေမယ့် အခုချိန်ထိ နယ်အစိုးရအဖွဲ့တွေမှာ ခြံဝန်းတွေထဲကို ဝင်ခွင့်မရတဲ့ အခြေအနေက ရှိနေဆဲဘဲ။
ဝင်းဇော်နိုင် ။ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ ။ ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...