Thursday, May 26, 2016

ဝမ်းနည်းခြင်းတွေကို မာန်တင်းထားရတဲ့ မိခင်တွေ

ဝင်းဇော်နိုင် 
တစ်ပေါက်တည်းသော အဝင်အထွက်ပြုလုပ်ရာ တံခါးမကြီးဘက်ကို အင်္ကျီအနီရောင်ဝတ်ထားတဲ့ အသားညိုညို အရပ်မနိမ့်မမြင့်နဲ့ ဒေါ်မြင့်မြင့်သန်းက ခပ်တည်တည်မျက်နှာထားနဲ့ မကြာခဏ စိုက်ကြည့်နေတာ တွေ့ရပါတယ်။ အသက် ၅၉ နှစ်အရွယ် သူမကတော့ သားကြီး နန္ဒာကို တွေ့ချင်နေတာ ဖြစ်ပါတယ်၊ သာယာဝတီအကျဉ်းထောင်ကနေ ရန်ကုန်မြို့ကို အမှုရင်ဆိုင်ဖို့ လာတဲ့ သားနဲ့တွေ့ဖို့ တရားရုံးအပေါက်ဝနဲ့တန်းတန်းက ထိုင်ခုံကနေ မရောက်လာသေးတဲ့ သားကို မျှော်လင့်နေခြင်းပဲ ဖြစ်ပါတယ်။




"ရောက်တော့မယ် ပြောတယ်၊ သားကြီးလာရင်စားဖို့ ထမင်းပေါင်းဝယ်ထားတယ်၊ သားကြီးက ငယ်ငယ်ကဆိုရင် ထမင်းပေါင်းအရမ်းကြိုတ်တာလေ " ဟု ကိုနန္ဒာစစ်အောင်၏ မိခင် ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။

 
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် တရားရုံးအဝင်ပေါက်အနီး အခန်းတွင်းက ထိုင်ခုံတွေမှုာဆိုရင် မတ်လ ၁၈ ရက်နေ့၁၂နာရီဝန်းကျင်ကတရားရုံးမှာလာရောက်အမှုရင်ဆိုင်ကြရမယ့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ခေါင်းဆောင်များရဲ့ မိဘတွေ ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း တွေက စောင့်စားနေကြခြင်း ဖြစ်ပါတယ်။ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်များဖြစ်တဲ့ ကိုကျော်ကိုကို၊ ကိုနန္ဒာစစ်အောင်၊ မဖြိုးဖြိုးအောင်တို့က အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ပြင်ဆင်ရေးဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မတ်လ ၁၈ ရက်နေ့က ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်းစတဲ့ တရားရုံးတို့မှာ တရားရင်ဆိုင် ကြရပါတယ်။
အမျိုးသားပညာရေးဥပဒေ (မူကြမ်း) ပြင်ဆင်ရေးဆန္ဒပြတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဗကသ အဖွဲ့ဝင်များနဲ့ ဝန်းရံပြည်သူ ၅၀ ကျော်ဟာ အင်းစိန်၊ သာယာဝတီ၊ မြင်းခြံ၊ မန္တလေးအိုးဘို အကျဉ်းထောင်တို့မှာ အဖမ်းခံထားရပါတယ်၊ သာယာဝတီတရားရုံးနဲ့ ရန်ကုန်မြို့အတွင်းက တရားရုံးတို့မှာ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးတခုမှာ ပါဝင်မှု၊ ပြည်သူ့ဝန်ထမ်းအား ဝတ္တရားဆောင်ရွက်နေမှုကို ဟန့်တားရန် မိမိအလျှောက် နာကျင်စေမှု၊ အများပြည်သူ အကျိုးပျက်စီးစေမှု နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည်လည်ခြင်းဆိုင်ရာ ပုဒ်မများနဲ့ ကျောင်းသားခေါင်းဆောင်အချို့ဟာ တစ်ပတ်ကို ၅ ရက်နှုန်း တရားရုံးတွေမှာ ရင်ဆိုင်နေရပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားမိဘတွေဟာ ရုံးချိန်းတွေကို မတ်လရဲ့ အပူဒဏ်ကိုအန်တုပြီး တစ်ရုံးဝင် တစ်ရုံးထွက်နဲ့ သားသမီးတွေကို တွေ့ရဖို့အတွက် အပင်ပန်းခံပြီး လိုက်နေကြရပါတယ်။ လူမှုရေး စီးပွားရေးတွေကို ပစ်ထားခဲ့ပြီး တရားရုံးဝန်းကျင်မှာဘဲ အချိန်တော်တော်များများကို ကုန်ဆုံးနေကြပါတယ်။
" တစ်ပတ် ၅ ရက်ရုံးထုတ်တယ်၊ အကုန်သွားရတာ၊ သာယာဝတီသွားလိုက် ရန်ကုန်မြို့တွင်း သွားလိုက်ပေါ့၊ စီးပွားရေး လူမှုရေးဆိုတာ မရှိသလောက်ပဲ၊ အမျိုးတွေ အလှူလုပ်ရင်တောင် မသွားနိုင်တော့ဘူး၊ တရားရုံးတွေမှာဘဲ အချိန်ကုန်နေတော့တာ " ဟု ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။
သားသမီးတွေ အဖမ်းခံရပြီး ထောင်ထဲရောက်တဲ့အခါမှာ မိဘတွေက စိတ်ပူပန်ပြီး သောကတွေ ရောက်ခဲ့ကြရပါတယ်၊ အတူနေ သားသမီးတွေကို မျက်စိအောက်က အပျောက်မခံတဲ့ မိဘတွေမှာ အများအတွက် အကြောင်းပြုပြီး သားသမီးတွေ လုပ်ဆောင်သွားတဲ့ အမှန်တရားက အမေတွေမှာ မစားနိုင် မသောက်နိုင် တမှိုင်မှိုင်ဖြစ်ခဲ့ကြရပါတယ်။ ကိုနန္ဒာစစ်အောင်ကတော့ ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီး ကျောင်းသားလုပ်ရှားမှု ပြုလုပ်သည်ဟုဆိုကာ ထောင်ဒဏ် အနှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပါတယ်၊ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်တို့ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်လှုပ်ရှားခဲ့ကြတဲ့အတွက် ထောင်ကျခံခဲ့ရဖူးတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ပြီး အခုလည်း အမျိုးသားပညာရေးအတွက် အမှုရင်ဆိုင်နေရသူများ ဖြစ်ပါတယ်။
"၂၀၀၇ တုန်းက ရာဟု စအဖမ်းခံရတုန်းကဆိုရင် ၂လ လောက်က ထမင်းကို စားချင်စိတ်မရှိတာ " လို့ ကိုကျော်ကိုကိုရဲ့ အမေ ဒေါ်စိုးစိုးသော်က ပြောပါတယ်။ "သားက အနေအေးတယ်၊ သူ့အတွက် အတော်စိတ်ဆင်းရဲတယ် "
မြန်မာနိုင်ငံမှာ အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ကြောင့် အစိုးရကို ဝေဖန်တဲ့သူမှန်သမျှဟာ ဆင်းရဲဒုက္ခတွေ ရောပွမ်းနေတဲ့အကျဉ်းထောင်အတွင်းကိုဆင်းသက်ကြရပါတယ်၊ နိုင်ငံရေးကျဉ်းသားအချို့ကတော့အကျဉ်းထောင်အတွင်းမှာဘဲ သေဆုံးသွားခဲ့ကြပါတယ်၊ အသက်မသေလို့ ကျန်ရှိခဲ့တဲ့ နိုင်/ကျဉ်း တွေ မှာလည်း ကျန်းမာရေးအခြေအနေအပါအဝင် မိသားစုဘဝတွေလည်း ဆုံးရှုံးမှုတွေရှိနေပါတယ်။
"၂၀၀၃ ဒီပဲယင်းပြီး အချိန်က ထောင်တွင်းမှာ အတော်ဆိုးတယ်၊ အင်းစိန်မှာကော ဘားအံမှာကော သူ အနှိပ်စက်ခံရတယ်၊ အင်းစိန်မှာ တိုက်ပိတ်ခံရတယ်၊ ဘားအံမှာကျတော့ ခြေခြင်းဖြုတ်မပေးထားလို့ အတော်ပြောလိုက်ရတယ် " လို့ ဒေါ်မြင့်မြင့်သန်းက ပြောပါတယ်။ "သားကြီး နန္ဒာ ပြန်လာရင် ဦးနှောက်မှ ကောင်းပါ့အုံးမလားလို့ စိုးရိမ်ခဲ့ဖူးတယ် "
နိုင်ငံရေးအကျဉ်းသားတွေ ဆင်းရဲ့မှု မျိုးစုံနဲ့ ကြုံတွေ့ခဲ့ကြရတဲ့အခါမှာ နောက်မှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေ မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ကြပါတယ်၊ အချို့ မိဘတွေကတော့ သားသမီးကိုချစ်တဲ့စိတ်နဲ့အစိုးရကိုမုန်းတီးခဲ့ကြသလိုအချို့ကတော့ ဖြစ်ချိန်တန်လို့ ဖြစ်တယ်ဆိုပြီးတော့ ဘယ်သူ့ကိုမှ အပစ်မတင်ဘဲ နေထိုင်သူတွေလည်း ရှိပါတယ်။ ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြီးက ဖျက်စီးသွားလို့ အပျက်အစီးပုံတွေ ၊ သားအဖမ်းခံရလို့ စားမဝင်ဖြစ်နေတဲ့ မိခင်တို့ ဆုံတွေ့ကြတဲ့အခိုက်ဟာ ဖြစ်တက်တဲ့ သဘောတရားတွေကို နားလည်သွားခဲ့တယ်လို့ ကိုကျော်ကိုကိုရဲ့ မိခင် ဒေါ်စိုးစိုးသော်က ပြောပါတယ်။
" ပထမအကြိမ်အဖမ်းခံရတုန်းက ကြုံခဲ့တာလေးက သူအတွက် အရမ်းပူနေချိန်မှာ နာဂစ်ကြီးဖြစ်လာတယ် ၊ လမ်းတွေပေါ်မှာကော အမှိုက်တွေ သစ်ပင်တွေ ပြန့်နေတာ၊ လေပေါ်မှာဆိုရင် သွပ်ပြားတွေ လွှင့်နေတာပဲ၊ ဒါတွေကြည့်ပြီး ဖြစ်ချိန်တန် ဖြစ်မှာပဲ၊ ပျက်ချိန်တန် ပျက်မှာပဲ၊ ဘာကမှ တားဆီးလို့ မရဘူး အဲလိုသိပြီးတော့ ဘယ်သူ့မှလည်း အပစ်မတင်ချင်ဘူး၊ ဖြစ်ချိန်တန် ဖြစ်သွားမှာဘဲ " လို့ တည်ငြိမ်တဲ့ မျက်လုံးတွေနဲ့ အတိတ်က အကြောင်းတွေကို စဉ်းစားပြီး ဒေါ်စိုးစိုးသော်က ပြန်ပြောပြပါတယ်။
သားသမီးတွေနဲ့ ပတ်သတ်ပြီး မိဘတွေရဲ့ ခံစားချက်တွေကတော့ စိုးရိပ်ပူပန်မှုတွေ အပြည့်ရှိကြပါတယ်၊ ကျောင်းသားဘဝ သားလိမ်မာ သမီးလိမ်မာလေးတွေဟာ ရိုးရိုးအေးအေးလေးတွေ ဘဝကနေ ရက်စက်ကြမ်းကြုတ်မှုတွေများပြားတဲ့ အကျဉ်းထောင်တွေထဲကို တိုးဝင်သွားကြပါတယ်။ အသက်နဲ့ခန္ဓာကို ရင်းပြီး လူ့အခွင့်အရေး ဒီမိုကရေစီရေးအတွက် လုပ်ဆောင်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရတစ်ရပ် ပြောင်းလဲလာခဲ့တယ်ဆိုပေမယ့် အကျဉ်းထောင်အတွင်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကတော့ ကုန်တယ်လို့ မရှိခဲ့ပါဘူး၊ နိုင်ငံရေးအင်အားစုတွေကလည်း လွှတ်ပေးဖို့ အစဉ်တစ်စိုက်တောင်းဆိုဆဲ ဖြစ်ပါတယ်။ အမျိုးသားပညာရေးဥပဒေ(မူကြမ်း) ပြင်ဆင်ရေးအတွက် မန္တလေးမြို့ကနေ ရန်ကုန်မြို့သို့ ချီတက်လမ်းလျှောက်ရာမှာ သာယာဝတီခရိုင် လက်ပံတန်းမြို့ကို ကျောင်းသားသပိတ်တပ်ကြီး ရောက်ရှိလာပါတော့တယ်။
ရန်ကုန်ကို ချီတက်ဆန္ဒပြမယ့် ကျောင်းသားနဲ့ ဝန်းရံသူ ၁၅၀ ကျော်ရှိတဲ့ ဆန္ဒပြချီတက်နေသူတွေကို အစိုးရအဖွဲ့ကလည်း ရန်ကုန်ကို အသွားမခံဘဲ လက်ပံတန်းမြို့မှာဘဲ ပိတ်ဆို့ထားလိုက်ပါတယ်၊ ကျောင်းသားနဲ့ အစိုးရ တာဝန်ရှိသူတွေ ညှိကြပေမယ့် အဆင်မပြေခဲ့ကြပါဘူး။ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာတော့ လုံထိန်းရဲဝန်ထမ်းတွေက ရန်ကုန်ကို ချီတက်မယ့် ကျောင်းသားတွေနဲ့ ဝန်းရံသူ ၁၂၀ ကျော်ကို ရိုက်နက်ပြီး ဖမ်းဆီးလိုက်ကြပါတယ်၊ ကျောင်းသားတွေကို ရိုက်နေကြတဲ့ ရဲတွေရဲ့ ဓာတ်ပုံများဟာလည်း ပြန့်နှံ့သွားခဲ့ပါတယ်။
လက်ပံတန်းမှာ ကျောင်းသားတွေကို အေးအေးဆေးဆေး အဖမ်းခံပါမယ်ဆိုတာတောင် ရိုက်ပြီးဖမ်းတဲ့ အစိုးရရဲ့ လုပ်ရပ်ကိုတော့ ဘယ်တော့မှ မေ့မရတဲ့လူတွေ ရှိနေပါတယ်၊ ဒီဖြစ်ရပ်တွေကို ဘယ်သူတွေ မေ့မရလည်းဆိုတော့ အရိုက်ခံရသူတွေနဲ့ သူတို့ရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုတွင် အဖမ်းခံခဲ့ရသည့် ဗကသ များအဖွဲ့ချုပ်က မဖြိုးဖြိုးအောင်အမေ ဒေါ်သန္တာကတော့ အစိုးရရဲ့ လူမဆန်တဲ့ ခါးသီးတဲ့ လုပ်ရပ်ကို ပြပါဆိုရင်တော့ သူ့တစ်သက် ကြုံခဲ့ရတဲ့ အရေးအခင်းတွေမှာ လက်ပံတန်း အကြမ်းဖက်မှု ဖြစ်တယ်လို့ ပြောပါတယ်။
"၁၁ ရက်နေ့ ရုံးထုတ်လာတော့ ကလေးတွေမှာ ဒဏ်ရာတွေနဲ့ကြီး သွေးစတွေရှိတုန်း ၊ ပတ်တီးတောင် မပါကျဘူး၊ ဂွမ်းစတွေ ကပ်ထားတာ၊ မိန်းကလေးတွေဆိုရင် အင်္ကျီတွေကနွမ်းလို့ ဆံပင်ကလည်း စုတ်ဖွားနဲ့ အားလုံးက ခေါင်းလေးတွေငုံ့နေကြရတာ အသံကိုတိတ်လို့ အဲဒီမြင်ကွင်းကို ဘယ်တော့မှမမေ့ဘူး " လို့ ဒေါ်သန္တာက ဝမ်းနည်းမှုတွေကို မျက်ရည်ဝဲစွာပဲ ပြောပြပါတယ်။ " ကမ္ဘာပျက်တောင် ဒီမြင်ကွင်းတွေကို မေ့လို့ရမှာ မဟုတ်ပါဘူး "
ကျောင်းသားတွေရဲ့ မိဘတွေအားလုံးဟာ အဖမ်းခံရလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် တစ်ကယ်တမ်း လုပ်ရပ်ကြီးကတော့ တစ်သွေးတစ်သံ တစ်မိန့်နဲ့ ဦးကြိုးအောင် ရိုက်နက် လုယက် ဖျက်စီးခဲ့ကြပါတယ်၊ ဦးကြိုးသွားအောင် အတင်းအဓမ္မ ဖမ်းဆီးပြီး အချို့ဆိုရင် အမှု ၈၀ ကျော် တရားစွဲဆိုထားမှုတွေ ရှိပါတယ်။




အမှုပေါင်းမြောက်များစွာနဲ့ တရားစွဲဆိုမှုတွေကို ဖမ်းဆီးခံကျောင်းသားများကတော့ လက်ပံတန်းအကြမ်းဖက်ခံ ရမှု တစ်နှစ်ပြည့်နေ့က တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်၊ သူတို့ရဲ့ လုပ်ရပ်ကို မိဘတွေက ထောက်ခံခဲ့ပြီး လျှောက်လှမ်းတဲ့လမ်းတိုင်းကို အားအင်အပြည့်နဲ့ အပြုံးပန်းတွေဆင်ပြီး ရင်ကိုကော့ကာ တရားရုံးတွေကိုလိုက်ရင်း သူတို့အကြိုက် အစားအသောက်တွေကျွေးရင်း အရိပ်တကြည့်ကြည့်နဲ့ လောကဓံကို တိုက်ပွဲဆင်နေကြပါတယ်။
လိုချင်ခဲ့တဲ့ ဒီမိုကရေစီပညာရေးအတွက် လုပ်ဆောင်ခဲ့ကြတဲ့ ကျောင်းသားနဲ့ ဝန်းရံသူတွေ နိုင်/ကျဉ်းတွေကို အစိုးသစ်တက်လာပြီးရင် လွှတ်ပေးလိမ့်မယ်လို့ ထင်ထားကြပေမယ့် မိဘတွေရဲ့ ရင်ထဲက မာန်တင်းထားတဲ့စိတ်တွေနဲ့ အပြုံးဖျော့ဖျော့တွေကြားထဲမှာ ပြန်လာမှာ သေချာပေမယ့် အချိန်တော့ စောင့်ရလိမ့်မယ်လို့ ပြောကြပါတယ်။
မိခင်တွေရင်ထဲမတော့ သားတွေကို လုံခြုံစိတ်ချတဲ့ မိသားစုအရိပ်ထဲမှာ ထားချင်တာပေါ့၊ အခုတော့ သူတို့တွေဟာ ပြည်သူ့အကျိုးသယ်ပိုးတဲ့ သူရဲကောင်းတွေပေါ့၊ ထောင်အတွင်းက အခန်းတွေထဲမှာ စံမြန်းနေတဲ့အချစ်ဆုံးသားတွေပေါ့၊ကိုနန္ဒာစစ်အောင်အမေ ဒေါ်သန္တာကတော့ မိဘတွေထားတဲ့ သဘောထားက သားတို့ဟာ ပုန်ကန်ထကြွသူတွေ မဟုတ်ဘူးတဲ့ " ခေတ်ဆိုးစနစ်ဆိုးကြီးကနေ လွတ်မြောက်အောင် လုပ်ချင်သူတွေလို့ သတ်မှတ်တယ်"

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...