Thursday, May 26, 2016

ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ရတယ် ၂၀၀၈ နဲ့လည်းရတယ်၊ တစ်ကယ်လုပ်ကြဖို့ပဲလိုတာ

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားအရေးကိစ္စများနှင့် ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအတွင်းရေးမှူး ဦးဥာဏ်ဝင်းနှင့် ဖက်ဒရယ်ဂျာနယ်တို့ တွေ့ဆုံမေးမြန်းထားသည်များကိုကောက်နှုတ်ဖော်ပြအပ်ပါသည်။ 
ဝင်းဇော်နိုင်
မေး၊ ရွေးကောက်ပွဲအနိုင်ရရှိပြီး NLD ပါတီအနေနဲ့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးကိစ္စများနဲ့ ပတ်သတ်ပြီးဘာတွေလုပ်ဆောင်ဖို့ရှိလဲဆိုတာသိချင်ပါတယ်။
ဖြေ ၊ ကျွန်တော်တို့ ငြိမ်းချမ်းရေးကိစ္စကိုအရင်စပြောရရင် MPC ကလုပ်နေတဲ့ ငြိမ်းချမ်းရေးတွေကိုလည်းတစ်စိတ်တစ်ပိုင်း ကျွန်တော်တို့ သွားပါတယ်။ အဲနောက်ပိုင်းမှာ ကျွန်တော်တို့ ပါတီအဖွဲ့ချုပ် ဥက္ကဌကလည်းပြောပါတယ် ငြိမ်းချမ်းရေးကမရှိမဖြစ် လိုအပ်ချက်။ ဒါမှ မရှိလို့ရှိရင် ဒီမိုကရေစီရောတိုးတက်ဖွံ့ဖြိုးရေးရောနှောင့်နှေးနိုင်တယ် အဲဒါကြောင့် ငြိမ်းချမ်းရေးကဆက်လုပ်ရမယ်။ ဆက်လုပ်မယ်ဆိုပေမယ့် အခုချိန်ထိဘာလုပ်မလဲလို့ ထုတ်ပြောလို့ မရသေးဘူး၊ ကျွန်တော်တို့လည်း အစိုးရမဖြစ်သေးဘူး၊ အစိုးရဖြစ်တဲ့အခါမှာဖွဲ့မယ်။ သေချာတာက ငြိမ်ချမ်းရေးမှာ သူများလုပ်ထားတဲ့ ဟာကိုလည်း အသိအမှတ်ပြုမယ်၊ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုလည်းရှိကောင်းရှိမယ် ဒီလောက် ပဲပြောလို့ရပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိစ္စတွေကိုဆက်ပြီးတော့လည်း လုပ်မယ်ဆို တာတော့သေချာပါတယ်။
မေး၊ NLD က ရွေးကောက်ပွဲမှာအနိုင်ရရှိတဲ့အတွက် အခုဆိုရင် လွှတ်တော် အသီးသီးက ကိုယ်စား လှယ်တွေလည်းလွှတ်တော်တက်နေကြပါပြီ၊ လွှတ်တော်ထဲမှာဖွဲ့စည်းပုံပြင်ဆင်ရေးကို ၂၀၁၆ ခုနှစ် အတွင်းမှာ တစ်နှစ်အတွင်း ဘယ်လောက် အတိုင်းအတာ ထိလုပ်နိုင်မယ်လို့ ခန့်မှန်းထားလဲခင်ဗျ။
ဖြေ ၊ ကျွန်တော်တို့ကလေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးက အခုလုပ်လို့ရရင် အခု လုပ်ချင် တယ်။ ဘာလို့လဲဆိုတော့ ဒီမှာဒီမိုကရေစီနည်းလမ်းမကျတာတွေ အများကြီးဖြစ်နေတယ်၊ အဲတော့
ကျွန်တော်တို့ကတစ်ပြိုင်တည်းအားလုံး ပြုပြင်ပြောင်းလဲဖို့ ဆိုတာလည်းမမျှော်လင့်ကောင်းဘူး။ အဲဒီတော့ ကျွန်တော်တို့က ကြိုးစားမယ် အဖြစ်နိုင်ဆုံးအမြန်ဆုံး ကြိုးစားမယ်၊ ဒါကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာသိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ၂၀၁၆ ထဲမှာတစ်စုံတစ်ခုတော့ ရလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။
မေး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအုပ်ချုပ်ရေးကဏ္ဍထဲမှာခရိုင်အဆင့် မြို့နယ်အဆင့် အုပ်ချုပ်ရေး ကိုအစိုးရ ဝန်ထမ်းတွေကိုခန့်ထားပြီးအုပ်ချုပ်ရေးပိုင်းကိုလုပ်ခိုင်းတဲ့ ကိစ္စတွေကို ပြုပြင်ပြောင်းလဲသင့်လားခင်ဗျ။
ဖြေ၊ ကျွန်တော်တို့ကတော့ ကျွန်တော့်အသက်အရွယ်နဲ့ ကျွန်တော်ကြီးပြင်းလာတဲ့ ဘဝမှာ တိုင်းအထိကို ဝန်ထမ်းတွေနဲ့ သွားခဲ့တဲ့ ခေတ်မှာ ကျွန်တော်လူဖြစ်လာရတာပါ၊ ရပ်ကွက်ရော မြို့နယ်ရော ခရိုင်ရော တိုင်းရောအကုန်ဝန်ထမ်းတွေပဲဒါကျွန်တော်တို့ ဗမာပြည်ရဲ့ ဗျူရိုကရေစီယန္တယားကအဲဒီထဲမှာရှိနေတယ်၊ အဲဒီတော့ ဗျူရိုကရေစီဆိုတာဟိုတုန်းကတော့ လက်ဝဲဝါဒတွေက ဗျူရိုကရက်လို့ နာမည်တပ်လိုက်ရင် ရှုံ့ချလိုက်တဲ့ သဘောဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ကယ်တမ်းကျတော့ ဗျူရိုကရက်ကမရှိမဖြစ်ပါ။ အဲတော့ ဗျူရိုကရေစီမရှိဘဲနဲ့တော့ ဘယ်လိုလုပ် စီမံအုပ်ချုပ်နိုင်မလည်း။ အဲတော့ လက်ဝဲဝါဒတွေရဲ့ စကားလုံးကြောင့် ဗျူရိုကရက်ဆိုရင် ရွံ့စရာလို့ ထင်လာတယ်၊ တပ်မတော် အဆက်ဆက်ရဲ့ စကားကြောင့် ဖက်ဒရယ်ဆိုရင် ရွံ့စရာလို့ လူတွေကထင်လာတယ် ဒါတွေမှားနေပါတယ်။
ဖက်ဒရယ်ကအခုတော်တော်သဘောပေါက်ပါပြီ၊ ဗျူရိုကရက်မှာလည်းဒီအတိုင်းပါပဲ။ ကျွန်တော်တို့ တစ်ချို့အဆင့်တွေမှာ ပြည်သူလူထုတင်မြှောက်တာရှိကောင်းရှိမှာပါ။ သို့သော် တစ်ကယ်တမ်းနေ့တစ်ဓူဝ (နိစ္စဓူဝ)အလုပ်ကိုစနစ်တကျ လုပ်နိုင်တာအဲဒီယန္တရားပါပဲကျွန်တော်တော့ အဲသလိုပဲလက်ခံထားပါတယ်။
မေး၊ အခုဆိုရင် အုပ်ချုပ်ရေးပိုင်းမှာ မြို့နယ်ကခရိုင်၊ ခရိုင်ကတိုင်းဆိုပြီးအဆင့်ဆင့် သွားနေရတဲ့ အခါမှာ အဆင့်တွေများနေတယ်လို့ မထင်ဘူးလားခင်ဗျာ၊ ဒီလို ကြိုးနီစနစ်တွေ များနေတဲ့အတွက် အချိန်တွေ ကြန့်ကြာနေတယ်လို့ မမြင်ဘူးလားခင်ဗျ။
ဖြေ ။ ကျွန်တော့်အမြင်ပြောရရင် အဲဒီလိုအဆင့်ဆင့်ဆိုတာကိစ္စတိုင်းကိုသွားဖို့မလိုပါဘူး၊ အပေါ်က အာဏာ ကိုအောက်ကိုချချပေးတာအဲဒါမှ အလုပ်ဖြစ်မှာပါ၊ တစ်ကယ်လို့ အပေါ်က တာဝန်ရှိတဲ့ လူကချမပေးရင်တော့ ဒါမအောင်မြင်ဘူးပေါ့၊ အပေါ်ကအာဏာအောက်ကိုချချပေးတဲ့ဟာကရှိကိုရှိရမယ် ။ ဒါကအုပ်ချုပ်ရေးယန္တရားကိုလည်ပတ်တာနဲ့ ဒါကိုအကောင်အထည်ဖော်ရမယ်။
မေး ။ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကိုသမ္မတကရွေးချယ်ပြီးလွှတ်တော်ပို့ အတည်ပြုတာနဲ့ တိုင်းနဲ့ပြည်နယ် ကလွှတ်တော်ကိုယ်စားလှယ်တွေကရွေးချယ်ပြီးလုပ်တာဘယ်ဟာပိုကောင်းမလဲခင်ဗျ၊ သမ္မတကရွေးချယ်တာ မဟုတ်ဘဲလွှတ်တော်ကိုယ်စားလှယ်တွေကရွေးချယ်တဲ့ ပုံစံပြောင်း ရင်ကောဘယ်လိုဖြစ်လာမလဲခင်ဗျ၊ အဲဒီအပေါ်မှာဘယ်လိုမြင်ပါသလဲ။
ဖြေ ။ အန်ကယ်ဒီလိုပြောချင်တယ်၊ သမ္မတကရွေးချယ်တဲ့ ပြည်နယ်တိုင်းဝန်ကြီးချုပ်ဆိုတာအဲဒါ သမ္မတတစ်ယောက်တည်းနဲ့တော့ အသုံးမဝင်ဘူး၊ တစ်ကယ်တမ်းတော့ လွှတ်တော်ကိုယ် စားလှယ်တွေကရွေးချယ်တာပါ၊ သမ္မတမပါဘဲအဆိုမပြုဘဲလွှတ်တော်ကိုယ်စားလှယ်ကရွေးချယ်ရင် အဆင်မပြေဘူးလို့ ထင်ပါတယ်၊ အဓိပ္ပါယ်ကဘာဖြစ်သွားမလဲဆိုတော့ ရွေးကောက်ပွဲတစ်ခုမှာ ပြည်သူလူထုက နှစ်သက်လို့ မဲပေးလိုက်တဲ့ ပါတီကြီးကတိုင်းပြည်အာဏာကိုမရဘူးဆိုတဲ့ အဖြစ်ဟာဒါလည်းမသင့်တော်ဘူး။ အနိုင်ရပါတီကဝန်ကြီးချုပ်တောင် ခန့်ခွင့်မရဘူးဆိုရင် အကွဲကွဲအပြားပြားတွေဖြစ်ပြီးတော့ စည်းလုံးမှု ပျက်ပြားမယ်လို့ အန်ကယ်တို့ကထင်ပါတယ်။
မေး။ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးဘဲပြောပြော ၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဘဲဆိုဆို၊ အရင်ကသွားခဲ့တဲ့ ၊ MPC က လုပ်ခဲ့တဲ့အတိုင်း NLD က အစိုးရဖွဲ့ပြီးရင် ဆက်အကောင်အထည်ဖော်မှာလား၊ ဒါမှမဟုတ်ရင် ဘယ်လိုပုံစံမျိုးတွေနဲ့ ဆက်သွားမလဲသိချင်ပါတယ်။
ဖြေ ။ MPC ကသွားနေတဲ့ဟာကအားလုံးနဲ့ အဆင်ပြေအောင်ကြိုးစားပြီးညှိတယ်၊ သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေအောင် ကြိုးစားပြီးညှိတယ်၊ အပေးအယူတွေလည်းသေချာကြည့်လို့ရှိရင် တွေ့နေရပါတယ် ရှိပါတယ်။ ကျွန်တော်တို့ကဘာလုပ်မှာလဲလို့ ပြောရင်တော့ မူအနေနဲ့ကတော့ ငြိမ်းချမ်းရေးရအောင်လုပ်မယ်။ ကျွန်တော်တို့ ပထမဆုံးအလုပ်ကဘာလဲဆိုတော့ လက်မှတ်မထိုးတဲ့ အဖွဲ့ (၇) ဖွဲ့ ဘာဖြစ်လို့ မထိုးတာလဲ ၊ သူ့ရဲ့အဓိက ပြဿနာကဘာလဲ၊ အခတ်အခဲကဘာလဲ၊ အန်ကယ်တို့ ပါတီအနေနဲ့ အဲဒါဦးဆုံးနားလည်အောင်ကြိုးစားရမယ်၊ ပြဿနာဖြေရှင်းတယ်ဆိုတာကိစ္စကိုနားလည်မှ ရတာကိုး၊ ဒါကိုနားမလည်ဘဲနဲ့ စိတ်ကူးနဲ့ ပြောလို့မဖြစ်ပါဘူး။ တစ်ကယ့်အမှန် ဖြစ်နေတဲ့ ပြဿနာကဘာလဲဆိုတာအန်ကန်တို့သိအောင်ကြိုးစားမယ်။ နောက်ပြီးတော့ ဆွေးနွေးစရာရှိရင် ဒက်ထိတွေ့ပြီးဆွေးနွေးမယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေရှိပါတယ်။
မေး ။ အန်ကယ်တို့အနေနဲ့ MPC ကလုပ်တဲ့ဟာတွေတော့ ပြောသွားပါတယ်၊ အဲတော့ အန်ကယ်တို့ကလည်း ပြဿနာကိုနားလည်အောင် ကြိုးစားမယ်ဆိုတာမျိုးပြောပါတယ်၊ ပြဿနာကိုဘယ်လိုချဉ်းကပ်မယ်ဆိုတာတိတိကျကျလေးပြောပြလို့ရမလားခင်ဗျ။
ဖြေ ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးလက်မှတ်မထိုးသေးတဲ့ လူတွေကော ထိုးပြီးသားတွေကော ပြည်မအစိုးရကောပါတီတွေကောဘာ့ကြောင့် ငြိမ်းချမ်းရေးကိုလိုချင်လဲဆိုတာ အားလုံးနားလည်ရမယ်၊ အားလုံးနားမလည်ရင် အဲဒီ ငြိမ်းချမ်းရေးဖြစ်ဖော်ဆောင်မှုကြီးက အထစ်အငေါ့တွေ ဖြစ်နေမှာဘဲ ။ အဲဒီတော့ အားလုံးနားလည်ဖို့ ဆိုတာလည်း အန်ကယ်တို့ ယုံကြည်ချက်ကထိတွေ့မှု ရှိနေတာ။ ဟိုအဝေးကနေ ဂျာနယ်ထဲကပြောလိုက် သတင်းစာထဲကပြောလိုက်နဲ့ မဖြစ်ဘူး လူချင်းတွေ့ရမှာ။ တစ်ကယ့်လက်တွေ့ဘဝကိုတွေ့ရလို့ရှိရင် ပြေလည် မယ်လို့ အန်ကယ်တို့ ယုံကြည်တယ်၊ အဲဒီတော့ ဒက်ထိတွေ့တဲ့နည်းလမ်းကိုသုံးမယ်လို့ ပြောနိုင်ပါတယ်။
မေး ။ အရင်တုန်းကကောဒက်ထိတွေ့တဲ့နည်းကိုသုံးခဲ့လားခင်ဗျ။
ဖြေ ။ ကျွန်တော်တို့ MPC ရဲ့ဟာကို ကျွန်တော်မပြောချင်ပါဘူး။ သူတို့ကိုကျွန်တော် အသိအမှတ်ပြုပါတယ်။
မေး ။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ဆိုရင် မြန်မာနိုင်ငံမှာအခုကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တော့ မဖြစ်နိုင်ဘူးဆိုပြီးတိုင်းရင်းသားလက်နက်ကိုင်တွေ၊ တိုင်းရင်း သားနိုင်ငံရေး ပါတီတွေကပြောဆိုနေကြပါတယ်ခင်ဗျ၊ အန်ကယ်တို့အမြင်ကကော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ သွားလို့ရမယ် ထင်ထားလားခင်ဗျ။
ဖြေ ။ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုရင် ရတယ်၊ ၂၀၀၈ နဲ့လည်းရတယ်၊ တစ်ကယ်လုပ်ကြဖို့ပဲလိုတာ။ တစ်ကယ်တမ်းဖက်ဒရယ်နိုင်ငံထူထောင်မယ်၊ လုံးဝ ငြိမ်းချမ်းတဲ့ နိုင်ငံထူထောင်မယ်လို့ အားလုံးယုံကြည်ရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကဘာမှ ပြဿနာမဟုတ်တော့ဘူး။ တစ်ကယ်တမ်းအားလုံးစိတ်ဝင်စားဖို့ပဲအရေးကြီးတယ်။
မေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သတ်ပြီး NLD က ဘာတွေလုပ်ဆောင်ဖို့ ရှိထားလဲခင်ဗျ။
ဖြေ ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားမယ်။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်းစထွက်ထွက်ချင်းကိုပဲ ၁၆၈ ချက် ပြင်ဖို့ တင်ထားဖူးတယ်၊ ပြောခဲ့ပြီးသားတွေပါ ဒါတွေ နောက်ထပ်ပြောစရာမလိုဘူး။ အဲဒီအထဲမှာမှ ဖက်ဒရယ်အတွက် အာဏာခွဲဝေမှု၊ အာဏာခွဲဝေမှုကိုတစ်ကယ့်တိုင်းရင်းသားတွေက၊ တိုင်းရင်းသားပါတီတွေကဘယ်လိုပုံစံလိုချင်လဲသူတို့ကိုယ်တိုင် ကြေကြေလည်လည် ဆွေးနွေးထားသင့်တယ်လို့ အန်ကယ်တို့ ယူဆတယ်။
မေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ငြိမ်းချမ်းရေးတိုင်းရင်းသားနယ်မြေများဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ပြောချင်တာရှိရင် ပြောနိုင်ပါတယ်ခင်ဗျ။
ဖြေ။ကျွန်တော်တို့ အခုဖွဲ့စည်းထားတာတွေကြည့်ပါ၊ တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီးတော့ တတ်နိုင်သလောက် ပါဝင်ထားပါတယ်၊ အစိုးရတော့မဖွဲ့သေးဘူးပေါ့နော်။ အစိုးရဖွဲ့စည်းရင်လည်းတိုင်းရင်းသားတွေ ပါဝင်မှာပါ သုံးမှာပါ ။ သူတို့ကိုယ်တိုင်ပါဝင်ဆွေးနွေးတဲ့ ပွဲကမှ တစ်ကယ့်ပွဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ 
ဝင်းဇော်နိုင် ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ ။ ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...