Thursday, May 26, 2016

၂၀၁၄ အပိုင်းအစများနဲ့ မိဘပြည်သူများခင်ဗျာ

  "မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမှာတော့ ဖြစ်ခဲ့တဲ့အပိုင်းအစလေးများကိုကြည့်ရင် ပွင့်လင်းမြင်သားမှုမရှိ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိ၊ တရားဥပဒေစိုးမိုးရေးမရှိ၊ ဘာဆိုဘာမှမရှိဘဲ လူတစ်စုကဖြစ်ချင်တာကို လုပ်ချင်သလိုလုပ်နေတာပဲတွေ့ရမှာ ဖြစ်ပါတယ်"

ဝင်းဇော်နိုင်
        
၂၀၁၄ ခုနှစ်အကုန် ၂၀၁၅ ခုနှစ်အကူး ရက်ပိုင်းမျှအလို ဒီဇင်ဘာ၂၂ရက်နေ့က လက်ပံတောင်းတောင်ဒေ သ လိပ်ခွံတောင်အနီးမှာ ခြံစည်းရိုးကာရာမှစတင်ပြီးဖြစ်ပွားသော ပြဿနာကို သေနတ်ဖြင့်  ပစ်ခတ်ဖြေရှင်းလိုက်သောကြောင့် တောင်သူဒေါ်ခင်ဝင်းဟာသေနတ်မှန်ပြီး သွေးအိုင်ထဲမှာပဲ အသက်ဆုံးရှုံး သွားသောပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပါတယ်။ မြင်ရသူ လူတကာမှာ စိတ်နှလုံးမချမ်းမြေ့စွာဖြင့် ဒီမိုကရေစီအစိုးရလို့ပြောပြောနေသောပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရကို ပြည်သူကိုသတ်သောအစိုးရဟူ၍ အပြစ်တင်သံများ၊ စစ်အာဏာရှင်လုပ်ရပ်များဟူ၍ ပွက်လောရိုက်ခတ်သွားပါတော့တယ်။



               လက်ပံတောင်းတောင်၏ ပြဿနာဟာ အခုမှဖြစ်တာတော့ မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၉ ရက်နေ့ကလည်း ၀မ်ပေါင်ကုမ္ပဏီရှေ့တွင် သပိတ်မှောက်ကြသော သံဃာတော်များကို ဖြိုခွင်းခဲ့သောကြောင့် သံဃာတော်များဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၂ခုနှစ်ကစ၍ လက်ပံတောင်းနဲ့ ပတ်သက်ရင် ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့တွေ ဘယ်လိုဆက်ဆံခဲ့ကြတယ်ဆိုတာကို မြန်မာပြည်သူ တစ်ရပ်လုံးသာမကကမ္ဘာကပါ သိရှိခဲ့ခြင်းဖြစ်ပါတယ်။
      
             ၂၀၁၀ ရွေးကောက်ပွဲက တက်ရောက်လာခဲ့သော စစ်ယူနီဖောင်းချွတ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပထမတစ်နှစ်ကျော် နှစ်နှစ်အတွင်းမှာအပြုသဘောဆောင်တဲ့ နာမည်ကောင်း နဲ့ ကမ်္ဘာကိုကျော်ကြားစေခဲ့ပါတယ်၊ ကမ္ဘာ့နိုင်ငံအများကလည်း ဒီမိုကရေစီဖော်ဆောင်ခြင်းများကို အားပေးထောက် ခံခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပြုပြင်ပြောင်းလဲရေးကို တစ်နှစ်ထက်တစ်နှစ် ဆတက်ထမ်းပိုးကြိုးစားလုပ်ဆောင်လိမ့်မယ်လို့ ပြည်သူတချို့ကလည်း အယုံကြီးယုံခဲ့ကြတာ အမှန်ပါပဲ။


            မြန်မာနိုင်ငံက ကမ္ဘာသိ အရပ်သိ နိုဘယ်ဆုရှင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက်္ကဌကြီး ဒေါ်အောင်ဆန်းစုကြည်တောင် သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ပြုပြင်ပြောင်းရေး၊ လူထု အကျိုးပြု ဒီမိုကရေစီအစိုးရဖြစ်မြောက်ရေးကို ၀ိုင်းဝန်းမယ်ကူညီမယ်ဆိုပြီး လွှတ်တော်ထဲဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းလိုက်တာ၂၀၁၄ နှစ်အကုန်မှာတော့ မှန်းချက်နဲ့နှမ်းထွက်မကိုက်မှန်းသိလာပြီလို့ ပြည်သူများ ကပြောနေကြပါပြီ။

             ဦးသိန်းစိန်အစိုးရဟာ ၂၀၁၀ မှစ၍ ၂၀၁၃ ခုနှစ်အကုန်ထိတော့ ပြုပြင်ပြောင်းလဲရေး လုပ်နေသလိုပါပဲ၊၂၀၁၄ ခုနှစ်အတွင်း ၀င်ရောက်လာပြီလဲဆိုရော ပြုပြင်ပြောင်းလဲရေး ဆိုပြီး လုပ်ဆောင်နေတာတွေ ရှေ့ကိုတက်လာတာမတွေ့ရတော့ဘူးလို့ ပြောဆိုသံတွေ ညံနေပါတော့တယ်။ ဦးသိန်းစိန်အစိုးရအဖွဲ့ ဖော်ဆောင်နေတဲ့ပြုပြင်ပြောင်းလဲရေးတွေထဲက ပြည်သူများ မျှော်လင့်နေတဲ့ အချက်တွေကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို အဓိကထားပြီး
မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

             ငြိမ်းချမ်းရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့၂၀၁၄ ခုနှစ်အကုန်မှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှာပါလို့ ပြောခဲ့ကြတဲ့ အစိုး ရအဖွဲ့က ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့လူတွေရော အစိုးရအဖွဲ့ပြောတာယုံခဲ့ကြတဲ့တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ရဲ့ပြောဆိုသံတွေဟာ အမှန်တရားမဖြစ်ခဲ့ပါဘူး။ အလုပ်မဖြစ်ခဲ့ကြဘူး။ ပြောခဲ့သမျှ သဲထဲရေသွန်သလို ဖြစ်ခဲ့ရပါတယ်။ သတင်းစာမျက်နှာပေါ်က မှတ်တမ်းအဖြစ်ကျန်ရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ၂၀၁၄ခုနှစ်အကုန်ထိုးနိုင်မှာပါဆိုတဲ့ ပြောစကားတွေသာ ပြန်ဖတ်မိတဲ့    နောင်လာနောင်သားတွေကတော့ “ဒီလူတွေဟာအလိမ်အညာတွေ ပြောတတ်တယ်နော်” လို့ ယူဆကုန်ကြမှာပဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ လူလိမ်လူညာအဖြစ်နဲ့ သမိုင်းစာမျက်နှာပေါ်မှာ ထင်ထင်ရှားရှားကျန်ရစ်ခဲ့ကြမယ်ဆိုတာ ပြောခဲ့တဲ့လူတွေ လုပ်ခဲ့ကြဖော်ဆောင်ခဲ့ကြတဲ့လူတွေ သိမှသိပါလေစ။

             ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကနေ ငြိမ်းချမ်းရေးဖော်ဆောင်နေ ပါတယ်လို့ ပြောဆိုနေတဲ့ကြားထဲမှာပဲ တိုင်းရင်းသားနယ်မြေတွေမှာ အပစ်အခတ်တွေကတော့ ရှိနေတာ အားလုံးသိတဲ့ အတိုင်းပါပဲ။ ထင်ထင်ရှားရှား လုပ်ပြလိုက်တာကတော့ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ကချင်ပြည်နယ် ခယာဘွမ်အခြေစိုက် မြန်မာ့တပ်မတော် ခြေမြန်တပ်ရင်း (၃၈၉)တပ်ဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အသီးသီးက တက်ရောက်သင်ကြားနေတဲ့ ၀ိုင်ကျိုင်ဘွမ်ရှိ  KIA ၏ အရာရှိဗိုလ်လောင်းသင်တန်းကျောင်းကို (၁၀၅)မမဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဗိုလ်လောင်း၂၃ ဦးကျဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

             ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်အတွင်းမှာ အဟန့်အတားဖြစ်စေတဲ့အရာတွေ ကြန့်ကြာနေခြင်းရဲ့ အကြောင်းတရားတွေထဲမှာလဲ အပစ်အခတ်လုပ်နေကြတာတွေ၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု အားနည်းတာတွေ၊ မရှိမဲ့ရှိမဲ့ယုံကြည်မှုကို ပျက်ပြားစေမယ့် အပြောအဆိုတွေ၊ တစ်ဖက်စောင်းနင်း ချမှတ်ကြတဲ့ စည်းကမ်းချက်တွေလဲ ပါဝင်နေလို့သာ ပြောခဲ့သမျှ အလကားဖြစ်သွားပြီး၊ အလုပ်မဖြစ်ကြခြင်းဘဲဖြစ်ပါတယ်။

             မိဘပြည်သူများခင်ဗျာလို့ ပြောပြောနေတဲ့  ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်အတွင်း ဖော်ဆောင်မှုတွေကတော့ သြချယူရလောက်အောင် ပြည်သူများမျက်ဖြူ ဆိုက်ရပါတော့တယ်။ ငြိမ်းချမ်းရေးက ထင်သလိုဖြစ်မလာလို့ ဒါပဲလားဆိုတော့ လူ့အခွင့်အရေးချိုးဖောက်တာကလဲ ကမ္ဘာကျော်ဖြစ်သွားခဲ့ရပါတယ်။မြန်မာနိုင်ငံအတွင်းက ပြည်သူတွေနိုင်ငံရေး အင်အားစုတွေ အရပ်ဘက်အဖွဲ့အစည်းတွေ နိုင်ငံခြားရောက်နေတဲ့ မြန်မာပြည်သူတွေလမ်းပေါ်ထွက်ပြောရလောက်
အောင်ဖြစ်လာရပါတော့တယ်။

               သတင်းစာတွေ မီဒီယာတွေကနေတစ်ဆင့် ပြည်သူတွေပါးစပ်ဖျား “ဦးပါကြီးလား၊ ကိုပါကြီးလားစစ်တပ်ကပစ်သတ်လို့ သေသွားတယ်ဆိုလူရဲ့အသုဘလား”   ဆိုတဲ့အသံတွေဟာ ရေဝေးသုသာန်ဘေးပတ်ပတ်လည်ကလက်ဖက်ရည်ဆိုင်တွေကွမ်းယာဆိုင်တွေဆိုင်ကယ်အငှားလိုက်သူတွေအကြား ပြောဆိုသံတွေညံထွက်လာခဲ့ပါသေးတယ်။ ကိုပါကြီးသေဆုံးမှုဆိုရင်လည်း ၂၀၁၄ ခုနှစ်အတွင်းက အသတ်ခံရမှု လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်ခံရတဲ့ အပိုင်းအစတစ်ခုက ကမ္ဘာကျော်တဲ့ဖြစ်ရပ် တစ်ခု ဖြစ်သွားခဲ့ပါတယ်။

                ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွက်ကတော့ ကိုပါကြီးကို စစ်တပ်ကပစ်ခတ်ဖမ်းဆီးရာတွင် အသက်ဆုံးရှုံးသွားသောကြောင့် ၈၈ မျိုးဆက်များ၊ ကျောင်းသားသမဂ္ဂများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများပြည်သူများ၏ စိတ်နှလုံးကိုဝမ်းနည်းကြေကွဲဖွယ်ဖြစ်အောင်၊ ပြည်သူထဲက ပြည်သူတစ်ယောက်ကို သေနတ်နဲ့ပစ်လို့သေအလောင်းကို ကိုယ့်သဘောထားနဲ့ကိုယ် မြေမြှုပ်ပစ်ခံလိုက်ရတဲ့ ဖြစ်ရပ်ကလည်းဒီမိုကရေစီအစိုးရလို့ပြောပြောနေတဲ့ အစိုးရအဖွဲ့က လူ့အခွင့်အရေးကို ဗြောင်ချိုးဖောက်လိုက်တာဆိုပြီးကမ္ဘာကို ပြည်သူများက တင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

               ကိုပါကြီးခေါ်ကိုအောင်ကျော်နိုင် အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူများက အခုအချိန်ထိတော့တာဝန်ယူမှုမရှိသေးပါဘူး။ ကိုပါကြီးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ အခွင့်အာဏာအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဒါမှမဟုတ်မွန်ပြည်နယ် တရားလွှတ်တော်၊ ဒါမှမဟုတ် မော်လမြိုင်ခရိုင်တရားရုံးတို့မှာအမှုကိုစစ်ဆေးနိုင်ဖို့ တရားဥပဒေအရ ကူညီဆောင်ရွက်ခွင့်ပြုပေးဖို့အတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ကို ကိုပါကြီးရဲ့ဇနီးဖြစ်သူမသန္တာကနိုဝင်ဘာလ ၂၈ ရက်နေ့ကစာပို့ တောင်းဆိုထားသော်လည်း ယခု ၂၀၁၄ ခုနှစ်သာ ကုန်သွားတယ်။ ဘာမှဖြစ်မလာသေးပါဘူး။

               သမ္မတဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ဝင်များကအခွင့်အရေးရတိုင်း တာဝန်ယူမှု၊ တာဝန်သိမှု၊ တာဝန်ခံမှု ဆိုတာတွေ ပြောနေကြပေမယ့် ပြည်သူတွေနဲ့တိုက်ရိုက် ထိတွေ့မှုတွေမှာတော့ တာဝန်ယူမှုဆိုတာမတွေ့ရသလောက်ပါပဲ။ အမှန်တရားကို ဖော်ထုတ်နေကြ တဲ့ အစိုးရနဲ့ ပြည်သူတွေအကြားက သံတမန်လို့တင်စားခံရတဲ့ သတင်းသမားများအတွက်လည်း စိုးရိမ်စရာကောင်းလောက်အောင်  ထောင်ချခံရတဲ့နှစ်လည်းဖြစ်ပါတယ်။

               သတင်းသမားများဟာ ပြည်သူလူထုအတွက်အစိုးရရဲ့ လုပ်ရပ်တွေတင်ပြရင်း၊ ပြည်သူ သိသင့်တဲ့သတင်းတွေ ရေးသားတင်ပြခြင်းက အစိုးရကို ထိတ်လန့်စရာများဖြစ်သွား ရင်၊ အစိုးရနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့သတင်းတွေတင်ပြရင်း တရားစွဲဆိုခံကြရပြီး ထောင်ကျကုန်ပါတော့တယ်။

              ၂၀၁၄ ဇန်န၀ါရီလအတွင်းက မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ကာကွယ်ရေး ပစ်္စည်းစက်ရုံတစ်ခုကိုလျှို့ဝှက်ဓာတုလက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်(၄)ဦးကို မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ ဖေဖော်ဝါရီလက ဖမ်းဆီးခဲ့ပြီး၊ ဇူလိုင်လ(၁၀)ရက်နေ့မှာ မြန်မာနိုင်ငံလျှို့ဝှက်အက်ဥပဒေပုဒ်မနဲ့ အလုပ်နဲ့ ထောင်ဒဏ်(၁၀)နှစ်စီချမှတ်ပါတယ်။

              ဦးသိန်းစိန်အစိုးရအဖွဲ့က ဒီမိုကရေစီလို့ပြောနေရင်း သတင်းလွတ်လပ်ခွင့်တွေအကြောင်း ဆွေးနွေးနေရင်း သတင်းသမားများဖြစ်ကြတဲ့ ယူနတီဂျာနယ်က၅ယောက်၊ DVB သတင်းဌာနက ၁ ယောက်၊Eleven ဂျာနယ်က ၁ယောက်၊Bi  မွန်းတည့်နေက ၅ယောက်တို့ ထောင်ကျခဲ့ပြီး ၂၀၁၄ ခုနှစ်အကုန်၂၀၁၅ခုနှစ်ကူးချိန်တွင် တရားစွဲခံရလို့ တရားရင်ဆိုင်နေကြရသော သတင်းသမားများလည်း ရှိနေပါသေးတယ်။ အစိုးရပြောနေတဲ့ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်ဆိုတာ အစိုးရကိုမထိခိုက်၊ မဝေဖန်တဲ့ အစိုးရအဖွဲ့နဲ့တပ်မတော်ရဲ့ ညစာစားပွဲ သတင်းတွေအတွက်လောက်ပဲ ဖြစ်နေတော့တယ်လို့ သတင်းသမားတွေကပြောနေကြပါပြီ။

              မြန်မာနိုင်ငံ၏ အကြီးအကျယ်ဒီမိုကရေစီ နိုင်ငံအတွင်းက သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ၂၀၁၄ ခုနှစ်အတွက်နိုင်ငံပေါင်း ၁၈၀ မှာ ၁၄၅ အဆင့်သာရှိပါတယ်လို့လည်း နယ်စည်းမခြား သတင်း သမားများအဖွဲ့ (RSF)၏  နှစ်စဉ်အစီရင်ခံစာအညွှန်းကိန်းမှာ    ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာတောင် အဆင့် ၁၅၁ နေရာမှာရှိနေပါလျှက် အခုနှစ်မှာ ၁၄၅ နေရာရောက်သွားတဲ့အတွက် ဂုဏ်ယူစရာတော့မဟုတ်ပါဘူး။ သတင်းသမားတွေအပေါ် ထောင်ချဖမ်းဆီး တရားစွဲဆိုမှု လုပ်ဆောင်နေကျတာဟာ ပြည်သူလူထုမဟုတ်တာကိုတော့ အစိုးရအဖွဲ့မှာပါဝင်နေကြတဲ့ စစ်အရာရှိဟောင်းကြီးများသိမယ်လို့ ယူဆပါတယ်။

              ဒီမိုကရေစီနိုင်ငံပါလို့ ပါးစပ်က ဘယ်လောက်ပဲပြောနေပါစေ။ နိုင်ငံတစ်ခုရဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်ရှိမရှိဆိုတာကို အဲဒီနိုင်ငံအတွင်းမှာရှိနေတဲ့သတင်း
စာများကို ကြည့်ရင်သိနိုင်တယ်လို့ နိုင်ငံရေးသမားကြီးများလူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုပါတယ်။ြ မန်မာနိုင်ငံရဲ့ ဒီမိုကရေစီမှာတော့ ဖြစ်ခဲ့တဲ့အပိုင်းအစလေးများကိုကြည့်ရင် ပွင့်လင်းမြင်သာမှုမရှိ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိ၊ တရားဥပဒေစိုးမိုးရေးမရှိ၊ဘာဆိုဘာမှမရှိဘဲ လူတစ်စုကဖြစ်ချင်တာကို လုပ်ချင်သလို   လုပ်နေတာပဲ တွေ့ရမှာဖြစ်ပါတယ်။

            ပြုပြင်ပြောင်းလဲရေးလုပ်နေပါတယ်ဆိုပြီးနိုင်ငံတော်ကို တာဝန်ယူထားကြတဲ့ပုဂ်္ဂိုလ်များ၊ ပေးတာယူကြွေးတာစားရတဲ့ လက်အောက်ခံအဖွဲ့အစည်းများကပါးစပ်နဲ့ မဖြေရှင်းဘဲ၊ သေနတ်နဲ့ဖြေရှင်းနေတာဟာပြည်သူများကို ခြိမ်းခြောက်နေတာနဲ့အတူတူပါပဲ။ ယူနီဖောင်းပြောင်း၊ စစ်ဗိုလ်ဟောင်းကြီးများနဲ့အပေါင်းအပါတစ်စုက ရင်ထဲကဆန္ဒတွေ မထိန်းနိုင်တဲ့အခါမျိုး မှာ“တိုင်းပြည် မတည်ငြိမ်မအေးချမ်းဘူးဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းရမှာပဲ”လို့ ပြောဆိုနေကြတာတွေ
လည်းရှိပါတယ်။

             အခုဆိုရင် ၂၀၁၄ ခုနှစ်ကုန်သွားပါပြီ။ ၂၀၁၅ခုနှစ်ကို ၀င်ရောက်လာပါပြီ၊ နှစ်အကုန်မှာ ပြည်သူလူထုရင်ထဲ ရောက်ရှိလာတဲ့ ဖြစ်ရပ်ကတော့ ဒေါ်ခင်ဝင်းသေဆုံးမှုပဲ ဖြစ်ပါတယ်၊ တစ်နှစ်လုံး လုပ်ဆောင်သမျှအပိုင်းအစတွေဆွဲထုတ်ပြီးလို့ အဆုံးသတ်ကြမယ်ဆိုတော့လဲ ပြည်သူတွေရင်ထဲ ကျည်ဆန်တွေဝင်လာတာပဲဖြစ်ပါတယ်၊ ဒီအစိုးရအဖွဲ့နဲ့ ဒီလူတွေ ပြည်သူတွေကိုဘယ်လိုပြောကြဦးမှာလဲ၊ ဘာတွေဆက်လုပ်ကြဦးမလဲ၊ ပြည်သူဆိုတာ ခေတ်အဆက်ဆက်က မညံ့ခဲ့ကြဘူးလို့ ဆိုခဲ့ကြပါတယ်။ ဒါဆိုရင် ဒီအစိုးရနဲ့ ဒီပြည်သူဘာတွေဖြစ်လာကြမလဲ။

            ၂၀၁၅ ခုနှစ်ဆိုတာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို ပုံဖော်ကြမယ်လို့ ပြောဆိုနေကြပါတယ်။ ဘယ်သူတွေဘယ်လိုပုံဖော်ကြမလဲ၊ ဘာတွေလုပ်ကြမလဲ၊ လယ်သမားတွေ ဘယ်လောက်ထောင် ချခံရမလဲ၊ ကျောင်းသားတွေ ဘယ်လောက်တရားစွဲခံရမလဲ၊ တောင်သူတွေအတွက် ကျည်ဆန်တွေ အစိုးရက ဝေဦးမှာလား။၂၀၁၅ အလွန်အတွက် အပြောသမားများက ဘာတွေပြောကြဦးမှာလဲ။ ဒီဇင်ဘာနှင်းတွေကြားထဲက သူရဲကောင်း တောင်သူမကြီးဒေါ် ခင်ဝင်း အတွက်ရော တရားမျှတမှုကို ဘယ်သူတွေဖော်ဆောင်ကြမလဲ။ “မတရားမှုမှန်သမျှဆန့်ကျင်ကြ”ဆိုတဲ့ ဆိုင်းဘုတ်တွေ ၂၀၁၅မှာ ပျောက်ကွယ်သွားမလား၊ လမ်းမပေါ်မှာ လူထုကြီးပြည့်လျှံသွားမလား ဆိုတာ ကိုတော့ ဘယ်တုန်းကမှမညံ့ခဲ့ကြတဲ့ ပြည်သူတွေအတွက် . . . . . ။

ဝင်းဇော်နိုင် 

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...