Monday, May 30, 2016

အာဏာရှင် စနစ်အောက်မှသည် ဖက်ဒရယ်စနစ်ဆီသို့


ဝင်းဇော်နိုင်

မြန်မာနိုင်ငံအတွင်းမှာ  တိုင်းရင်းသားအားလုံး ပူးပေါင်းနေထိုင်မှသာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မယ်ဆိုတာကိုလွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံခေါင်းဆောင်များနဲ့ မြန်မာပြည်
တွင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားအားလုံး နားလည်ခဲ့ကြပါတယ်၊ ဒါကြောင့်လည်း လွတ်လပ်ရေးရယူစဉ်မှာ တောင်ပေါ်မြေပြန့် အားလုံးစည်းလုံးညီညွတ်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပြတဲ့အနေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။

ပင်လုံစာချုပ်မှသည် ဖက်ဒရယ်စနစ်ကို သွားချင်ကြပေမယ့် မြန်မာ့နိုင်ငံရေး ကမောက်ကမတွေကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားခဲ့ကြရပါတယ်၊ တိုင်းရင်းသားတွေ လက်နက်ဆွဲကိုင် တိုက်ပွဲဝင်ရတဲ့ အခြေအနေအထိ ပြည်တွင်းစစ်မီးကြီး တဖွားဖွားတောာက်လောင်ခဲ့တာဟာ ဒီကနေ့တိုင် မပြီးဆုံးသေးပါဘူး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိနေရမယ့်အခြေအနေမှာ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တောင်ပေါ်မြေပြန့်နေ တိုင်းရင်းသားပြည်သူများမှာလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။


ကရင်၊ ကယား၊ ကချင်၊ချင်း၊  ဗမာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်စတဲ့ တိုင်းရင်းသားတစ်ချို့က  ဗမာတိုင်းရင်းသားဟာ  လူမျိုးကြီးဝါဒကျင့်သုံးတယ်ဆိုပြီး တစ်ချို့တိုင်းရင်းသားတွေကြားမှာ ထင်နေကြပါတယ် ၊ ဘာကြောင့်လည်းဆိုရင်တော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် အစဉ်တစိုက်လို့ ဆိုရလောက်အောင် စစ်တပ်က နိုင်ငံကို အုပ်ချုပ်ခဲ့လို့ပါပဲ။ စစ်ခေါင်းဆောင်ပိုင်းမှာ ဗမာတိုင်းရင်းသားတွေ ဖြစ်နေတာရယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တပ်ဟာ ထိပ်တိုက်တွေ့တိုင်း ဒေသခံပြည်သူတွေမှာ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရ၊ အသက်တွေဆုံးရှုံးကြရတဲ့အခါ စစ်တပ်ကို ဗမာလို့ ထင်နေကြတာပါပဲ။

မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကစတင်ပြီး စစ်တပ်ကနေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ဆောင်နေကြတဲ့ ပထစ အစိုးရအဖွဲ့ဝင် ဝင်ကြီးများ၊ နိုင်ငံတော် သမ္မတ၊ တရားဝန်ကြီးချုပ်နဲ့ ပြည်နယ်အကြီးအကဲများနဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကို ဖမ်းဆီးပြီး အာဏာနဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။

၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၈ နာရီမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့အသံကနေ “ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှါ ဗမာ့တပ်မတော်မှ တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်း အစီရင်ခံပါသည် ” ဟု ကြေညာခဲ့တယ်လို့ ၁၉၅၈ - ၁၉၆၂  မြန်မာ့နိုင်ငံရေး စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူ စောင်ရှောက်လိုက်ပြီဆိုကတည်းက  မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ဗမာ၊ ရှမ်း၊ ကရင် ၊ ပအို့ဝ် ၊ အားလုံးက  အဖိနိပ်ခံရ ၊ အကျဉ်းစံကြရ၊ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတာပါပဲ၊ ဒါပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ မြေပြန့်ဒေသထက်ဆိုးဆိုးဝါးဝါးခံရတယ်ဆိုတာ မြန်မာနိုင်ငံသူ
 နိုင်ငံသားအားလုံးသိကြပါတယ်။ တိုင်းရင်းသားနယ်မြေတွေအတွင်းမှာတော့ စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်တိုင်း ဗမာတွေဆိုတာပဲ ဒေသခံပြည်သူတွေက သိထားတာလေ၊ ဒါကြောင့်လည်းစစ်အာဏာရှင်စနစ်လက်အောက်က လွတ်မြောက်ဖို့ အားလုံးကြိုးစားခဲ့ကြပါတယ်။

ကရင်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ဗမာ၊ ပအို့၊ ချင်း၊ ကယား၊ ကချင် အစရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့ လိုချင်တောင်းတနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ရောင်ခြည်သန်းလာခဲ့ တာကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာတဲ့ အစိုးရလက်ထက်က စပြောရပါလိမ့်မယ်၊ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဦးသိန်းစိန်စိုးရအဖွဲ့က ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖက်ဒရယ်မူကို အခုမှတောင်းဆိုခဲ့ကြတာတော့ မဟုတ်ပါဘူး၊ လွတ်လပ်ရေးမရခင်ကတည်းက  တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ၊  မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းပါဝင်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်တဲ့ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။

လွတ်လပ်ရေးကပြီး ပထမဆုံးရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်မူဟာ မကျင့်သုံးနိုင်ခဲ့ကြပါဘူး၊ တောင်ကြီးမြို့ ညီလာခံမှာ ဦးထွန်းမြင့် (တောင်ကြီး) တင်ပြခဲ့တဲ့ ဗမာပြည်နယ်ဖွဲ့စည်းရေး၊ လွတ်တော်နှစ်ရပ် အာဏာတူပေးရေး၊ အထက်လွှတ်တော်သို့ တူညီသော ကိုယ်စားလှယ်ဦးရေ စေလွှတ်ရေး၊ ဗဟိုကို အာဏာကန့်သတ်ပေးပြီး ပြည်နယ်များက ကျန်အာဏာများရယူရေး၊ ပြည်ထောင်စု ဘဏ္ဍာတော် ခွဲဝေပေးရေး ဆိုတဲ့ ဖက်ဒရယ်မူကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာတော့ ရှမ်း၊ ကယား၊ ကချင်၊ ကရင်၊ ချင်း ၊ မွန် ၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေက သဘောတူခဲ့ကြတယ်လို့ မြန်မာ့နိုင်ငံရေး စတုတ္ထတွဲမှာ ဖော်ပြထားပါတယ်။

၁၉၆၂ ခုနှစ်မှ စတင်ပြီး စစ်တပ်အုပ်ချုပ်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ငြိမ်းချမ်းရေး မရရှိခဲ့သော်လည်း ၂၀၁၀ခုနှစ် ရွေးကောက်ပွဲမှ တက်ရောက်လာတဲ့ သမ္မတဦးသိန်းစိန်လက်ထက်က စခဲ့တဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းတွေကနေ အခုဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်၊  NCA လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာလည်း ကရင်တိုင်းရင်းသားတွေပဲ များပါတယ်၊ ကချင်၊ မွန်၊ ကယား စတဲ့ တိုင်းရင်းသားတွေ လက်နက်ကိုင်တွေ ကျန်နေခဲ့တဲ့ပါသေးတယ်၊ NCA စာချုပ်ပါ အချက်အလက်တွေဖော်ဆောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့အတွက် မူဘောင်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အချိန်တွေ အများကြီးကို ကျော်ဖြတ်ပြီးမှတစ်နိုင်ငံလုံးအပစ်တွေရပ်ကြမှာဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်တွေမရှိမှသာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိတဲ့ ဖက်ဒရယ်ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်၊ တိုင်းရင်းသားတွေက ဘာ့ကြောင့် ဖက်ဒရယ်ကို တောင်းဆိုနေရသလဲဆိုရင် တိုင်းရင်းသားနယ်မြေတွေမှာ အပစ်အခတ်တွေ ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေ၊ ဖွံ့ဖြိုးမှုနည်းတာတွေ၊ မရှိချင်တော့လို့ပါပဲ၊ တောင်ပေါ် မြေပြန်တူညီတဲ့ အခွင့်အရေးတွေလိုချင်လို့ပဲ ဖြစ်ပါတယ်၊ နှစ်ပေါင်း ၆၀ ကျော်ကြာစစ်ပွဲတွေကြားမှာ  တိုင်းရင်းသားနယ်မြေတွေဟာ ဖွံ့ဖြိုးမှု နည်းခဲ့ရတယ်၊ တန်းတူအခွင့်အရေးတွေ မရှိခဲ့ဘူး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးဖြစ်ခဲ့ရပါတယ်။

မငြိမ်းချမ်းတဲ့ တိုင်းရင်းသားနယ်မြေတွေက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးပစ်အိမ်ပြစ် ထွက်ပြေးခဲ့ကြရတယ်၊ အသက်တွေ စတေးခဲ့ကြရတယ်၊ ဒါတွေကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးကလည်း ချုပ်ငြိမ်းစေချင်ပြီ၊ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကလည်း ချုပ်ငြိမ်းစေချင်ပြီ၊ အဲဒါကြောင့် အစိုးရခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ အပစ်အခတ်ရပ်စဲပြီး၊ နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် ဖက်ဒရယ်စနစ်ကို အားလုံးပူးပေါင်းဖော်ဆောင်ဖို့အတွက်ဆိုရင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် တိတိကျကျ ကျင့်သုံးဖို့ လိုအပ်သလို၊ လွတ်လပ်ရေးမရခင်က နိုင်ငံခေါင်းဆောင်တွေမျှော်လင့်ခဲ့သလို ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးကြဖို့ လိုအပ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟာ လွယ်ကူရိုးရှင်းစွာနဲ့ ဖော်ဆောင်နိုင်မှာတော့ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်၊ မြန်မာနိုင်ငံကို အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးပြုလုပ်ခဲ့တဲ့ ဦးနေဝင်းဟာ တိုင်းနဲ့ပြည်နယ် ၁၄ ခုဆိုပြီး ခွဲထုတ်လိုက်ပါတယ်၊ တစ်ချို့သော မြို့နယ်တွေနဲ့ ပတ်သတ်ပြီး တိုင်းရင်းသားနယ်ပြည်နယ်အတွင်းက ဒေသတစ်ချို့ဟာ တိုင်းဒေသကြီးတွေထဲမှာ ထည့်ပြီး သတ်မှတ်ထားတာတွေ ရှိနေပါတယ်၊ ဒီကိစ္စဟာ နယ်မြေသတ်မှတ်မှုနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေရှိနေပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်တဲ့အခါမှာ အာဏာခွဲဝေကျင့်သုံးမှု ၊ ဘဏ္ဍာငွေ ခွဲဝေမှု စတာတွေက ဖြစ်လာတော့မှာပါပဲ၊ စီးပွားရေး လူမှုရေး ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများကိုလည်း တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် တူညီမှုရှိမှာမဟုတ်ပါဘူး၊ အဲဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ်ဆိုရင် နိုင်ငံခေါင်းဆောင်တွေက အားလုံးစည်းလုံးညီညွတ်ပြီး ပြည်သူတွေအတွက် ကိုယ်ကျိုးမဖက် လုပ်ဆောင်ကြမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ နိုင်ငံတစ်ခုအတွက် အရေးအကြီးဆုံး မူတစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်၊ရေးဆွဲကြရမှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့ကြတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို သွားနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိနေကြပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားအားလုံး သဘောတူညီမှုတွေကို ထည့်သွင်းပြီး ပြန်လည်ပြုပြင်ဖို့လိုအပ်ပါတယ်၊ ဖွဲ့စည်းပုံပြုပြင် ပြန်လည် ရေးဆွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စတဲ့ မူတွေကို အခြေခံမှ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်၊ အဲဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုသွားမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ် အင်္ဂါရပ်တွေကို ထည့်သွင်းရေးဆွဲဖို့ အရေးတကြီးလိုအပ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်မူနှင့်ပတ်သတ်ပြီး  ဥပဒေပညာရှင်အချို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ ရေးဆွဲထားတဲ့ မူတွေတော့ ထွက်ရှိနေပြီလို့ သိရပါတယ်၊ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသက်သွေးကြောဖြစ်တဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရေးအရ လွှတ်တော်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်သွားပါပြီ။

တိုင်းရင်းသားခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် မှ ကိုယ်စားလှယ်များပါဝင်ပြီး အားလုံးတူညီတဲ့ ဖက်ဒရယ်ပြည်ထောင်စု မူဘောင်တွေ ရေးဆွဲပြီး လွှတ်တော်မှာ အတည်ပြုဖို့လိုပါတယ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတွင်း ထည့်သွင်းရေးဆွဲစရာတွေလည်း အများကြီး ရှိနေမှာဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ လွှတ်တော်ပြင်ပ လုပ်ဆောင်ချက်တွေကို စည်းလုံးညီညွတ်မှုရှိရှိနဲ့ ဖော်ဆောင်ကြမယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့အတွက် အဆင်ပြေချော့မွေ့မှုတွေ ရှိနိုင်ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဆောင်ရွက်ကြရာမှာ လက်တလော လိုအပ်နေတာက တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှုရှိဖို့ပါပဲ။ လတ်တလော အပစ်အခတ်တွေ ရပ်စဲပြီး စားပွဲဝိုင်းမှာ ရရှိထားတဲ့ အပစ်အခတ်စာချုပ်နဲ့အတူ ဆက်လက်အကောင်အထည် ဖော်ကြဖို့ပဲ ဖြစ်ပါတယ်။

အပစ်အခတ်တွေ ရပ်စဲထားမှသာ နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်ကြမှာဖြစ်ပါတယ်၊ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီ ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ဒေသခံပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ်ရှိမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ပြီး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွေကို အစဉ်တစိုက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းက တိုင်းရင်းသားလူမျိုးစုများဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ မြေပုံပါ ဧရိယာအကျယ်အဝန်းအရ၆၀ရာခိုင်နှုန်းကတိုင်းရင်းသားလူမျိုးစုတွေနေတဲ့ နေရာဖြစ်ပါတယ်၊
 မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ဗမာတိုင်းရင်းသားလူတစ်စုထဲလုပ်နေလို့ မပြီးပါဘူး၊ နိုင်ငံအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ တိုင်းရင်းသားလူမျိုးစုတွေပါဝင်ဖို့ လိုတယ်ဆိုတာ ဘယ်လိုမှမေ့ထားလို့မရပါဘူး၊ နှစ်ပေါင်း ၆၀ ကျော်ကြာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရဆိုတာ တိုင်းရင်းသားတွေ လက်ခံထားတဲ့ အစိုးရမဟုတ်သလို၊ ဗမာတိုင်းရင်းသားတွေလိုချင်ခဲ့တဲ့ အုပ်ချုပ်ရေးလည်းမဟုတ်ပါဘူး။

ပါလီမန်ဒီမိုကရေစီစနစ်ကနေ အာဏာသိမ်းယူပြီး နှစ်ပေါင်း ၆၀ ကျော် အစဉ်တစိုက် အုပ်ချုပ်လာတဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကိုအခြေခံပြီး ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ်ဖို့ရာမှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ အစုအဖွဲ့တစ်ခုအတွက် ကိုယ်ကျိုးအတွက် ကြည့်နေမယ်ဆိုရင်တော့ လက်နက်ဆွဲကိုင် တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေအုံးမှာပါပဲ။ ပြည်သူတွေအတွက် တိုင်းပြည်အတွက် အားလုံးလိုလားတဲ့ စနစ်တစ်ခုကို ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ လိုအပ်ပါတယ်။

နှစ်ပေါင်းမြောက်များစွာ စနစ်မမှန်လို့ အဖိနှိပ်ခံရတဲ့ ပြည်သူတွေအတွက် အခုဖြစ်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်း အလဲကနေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး၊ စည်ပင်ဝပြောတဲ့ နိုင်ငံတစ်ခုဖြစ်ဖို့ အတွက်ဆိုရင် တည်ငြိမ်အေးချမ်းဖို့ လိုအပ်ပါတယ်၊ ပြည်တွင်းစစ်ဖြစ်ပွားခဲ့ရလို့ ကိုလိုနီလက်အောက်က လွတ်မြောက်တဲ့ နိုင်ငံချင်းတူရင်တောင် မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတတွေ ပြည့်နှက်နေပေမယ့် ဆင်းရဲတွင်း နက်ခဲ့ရတယ်၊ ပြည်သူတွေ အနေနဲ့လည်း စစ်ဘေးဒုက္ခသည်တွေဘဝ ၊ အိုးမဲ့ အိမ်မဲ့ မြေမဲ့ ဘဝတွေ ပိုင်ဆိုင်ခဲ့ရပါတယ်။

ပြည်တွင်းစစ်ရဲ့ ဒဏ်ကိုလည်း ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင် စတဲ့ မြန်မာပြည်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး ခံခဲ့ကြရတာဖြစ်ပါတယ်၊ မြန်မာပြည်ကြီး ပြည်တွင်းစစ်မီး ငြိမ်းချမ်းမှသာ တိုင်းရင်းသားပြည်သူများလည်း စားဝတ်နေရေးအားလုံးအဆင်ပြေလာမှာဖြစ်ပါတယ်၊ ပြည်သူတွေအားလုံးအဆင်ပြေစွာ နေထိုင်နိုင်ဖို့ဆိုရင် တိုင်းရင်းသားများလိုလားနေတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ကျင့်သုံးဖို့လိုအပ်ပါတယ်။  လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူတာတွေ ပေါင်းစည်းနေထိုင်ဖို့အတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟာ အသင့်တော်ဆုံးဆိုတာကို လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံခေါင်းဆောင်တွေ ဖော်ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဆင်းရဲတွင်းနစ်မွန်းနေတဲ့ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ကြဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို
 ဖော်ဆောင်ကြဖို့လိုပါတယ်၊ ငြိမ်းချမ်းရေး ဖော်ဆောင်ကြရာမှာလည်း တစ်ဦးနဲ့တစ်ဦး ယုံယုံကြည်ကြည့်နဲ့ အပစ်အခတ်တွေရပ်စဲပြီးတော့  နိုင်ငံရေးစားပွဲဝိုင်းမှာ တိုင်းရင်းသားများလိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် စည်းလုံးညီညွတ်စွာနဲ့ အဖြေရှာနိုင်ကြပါစေလို့ ဆန္ဒပြုရင်း  ……။။။။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...