Thursday, May 26, 2016

စည်းလုံးမှ ညီညာမယ် ညီညာမှ ပြည်သာမယ်

ဝင်းဇော်နိုင်





၂၀၁၅ ရွေးကောက်ပွဲအပြီးတိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးအသံတွေ ပြန်ကြားလာရပါတယ်၊ ရွေးကောက်ပွဲမတိုင်ခင် ပေါင်းစည်းရေး လုပ်ဖို့ကြိုးစားခဲ့မှုတွေကလည်း တိုင်းရင်းသားပါတီအချို့ ပြုလုပ်ခဲ့ကြပါတယ်၊ အခုတစ်လောကြားနေရာတာက ကရင်တိုင်းရင်းသားပါတီတွေနဲ့ ချင်းတိုင်းရင်းသားပါတီတွေ ကချင်တိုင်းရင်းသားပါတီတို့ ပေါင်းစည်းရေးအတွက် စကားတွေ ပြောနေကြပါတယ်။
ရွေးကောက်ပွဲအတွင်းမှာ တိုင်းရင်းသားပါတီတွေများနေတာကြောင့် ဒေသခံတိုင်းရင်းသားတွေအနေနဲ့ ဘယ်ပါတီကိုမဲထည့်ရမလဲဆိုတာမျိုး ဝေခွဲမရတာတွေရှိခဲ့တာကြောင့် ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားပါတီ တွေ မထည့်ဘဲ တစ်နိုင်ငံလုံးကို အင်အားခြုံပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရွေးချယ်မှုတွေကို မဲဆန္ဒရှင် တိုင်းရင်းသားတွေက ပြုလုပ်ခဲ့ကြပါတယ်။

 
တိုင်းရင်းသားပါတီခေါင်းဆောင်ပိုင်းတွေက ပါတီတွေများပြားပြီး မဲအလေအလွင့်တွေကို သတိထားမိပြီး ငါတို့လူမျိုး ငါတို့ပါတီတွေများနေရင် ပြည်သူတွေအနေနဲ့ ရွေးချယ်ရခက်ခဲမယ်၊ ငါတို့စည်းလုံးဖို့လိုပြီ ငါတို့ကွဲပြားနေလို့ မဖြစ်တော့ဘူး နွားကွဲရင် ကျားဆွဲခံရမယ့် အခြေအနေရောက်နေပြီးဆိုတာကို သဘောပေါက်လာတဲ့အတွက် ပေါင်းစည်းရေးအသံတွေ ပြန်ထွက်လာကြပါတယ်၊ စည်းလုံးမှ ညီညာမယ် ညီညာမှ ပြည်သာအောင် လုပ်ဆောင်နိုင်မယ်ဆိုတာကို တိုင်းရင်းသားပါတီခေါင်းဆောင်တွေကြားမှာ ဒါကို နားလည်နေကြပါတယ်။
“ကျွန်တော်နဂိုကတည်းက ပြောတယ် နွားကွဲရင်တော့ ကျားဆွဲတယ်၊ ကျားကွဲရင်တော့ ခြင်္သေ့ဆွဲမလား ဒေါင်းဆွဲမလားပေါ့ အဲလိုပြောခဲ့တယ်၊ တစ်ကယ်လည်း အဲလိုဖြစ်သွားတယ်လေ” လို့ ပါတီပေါင်းစည်းရေးမလုပ်နိုင်တဲ့အတွက် ၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မဲရှုံးခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမောင်တင်က ပြောပါတယ်။

“ မညီညွတ်သ၍တော့ ရလာဒ်ကောင်းတွေကတော့ ရမှာမဟုတ်ဘူး၊ အရှုံးတွေနဲ့တော့ ရင်ဆိုင်နေရအုံးမှာဘဲ”တိုင်းရင်းသားပါတီများ ညီညွတ်ရေးဟု ကြွေးကြော်ပြီး ပေါင်းစည်းရေး လုပ်နေကြပေမယ့် အခတ်အခဲတွေကတော့ အတော်များပြားပါတယ်။ ပါတီပေါင်းစည်းရေးအတွက် ပါတီပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေကြပေမယ့် အဆင်ပြေချောမွေ့တဲ့ အနေအထားရောက်ဖို့ အတိအကျပြောနိုင်တဲ့ အနေအထားမရောက်သေးပါဘူး။ ပါတီ နှစ်ခုကို တစ်ခုထဲဖြစ်ရေး လုပ်ဆောင်ကြရာမှာတောင် အခတ်အခဲတွေ အများကြီးရှိနေတော့ လူမျိုးကို အခြေခံသည့် ပါတီ ၅ခုကိုတစ်ခုတည်းဖြစ်ရေးလုပ်ရာမှာ အတော်ကို အခက်အခဲတွေနဲ့ ပါတီခေါင်းဆောင်ပိုင်းတွေမှာ ကြုံတွေ့နေရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ပါတီပေါင်း ၉၀ ကျော်မှာ တိုင်းရင်းသားပါတီအနေနဲ့ ၄၇ ပါတီကျော်ရှိပါတယ်၊ အချို့ တိုင်းရင်းသားတွေမှာ ၁၀ ပါတီလောက်ထိ ရှိနေပါတယ်၊ မျိုးနွယ်စုကို အခြေခံနာမည်သုံးလိုက် လူမျိုးကို အခြေခံလိုက်နဲ့ ပါတီတွေ ဖောင်းပွနေတာတော့ အမှန်ပါဘဲ။ ပါတီတွေများလေ ပြည်သူတွေမှာ ရွေးချယ်ရ ခက်ခဲလေ ဖြစ်ကြရပါတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ပါတီတွေရဲ့ မူဝါဒပိုင်းမှာ ပါတီတွေ အားလုံးကောင်းနေကြလို့ပါပဲ၊ ငါတို့ပါတီက ဘာတော့ မကောင်းဘူးပြောတဲ့ ပါတီ ပြည်သူတွေခဗျာ မတွေ့ကြရ မကြားကြရလို့ပါဘဲ။
ရွေးကောက်ပွဲ မကျင်းပခင် ပါတီတွေ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းက ဒေသခံ ပြည်သူတစ်ယောက်က “ငါ့တို့ပါတီ မကောင်းဘူးလို့ တစ်ဦးတစ်လေတောင် မပြောကြဘူး အကောင်းပဲ ပြောကြတယ်၊ စည်းရုံးရေးကလည်း နေ့တိုင်းလာကြတယ် ၊ ညတိုင်း သူတို့ ကောင်းကြောင်းတွေ ဘာလုပ်မယ်ဆိုတာတွေပဲ ပြောကြတယ်၊ ဘယ်ပါတီကို မဲပေးရမလည်း မသိသေးဘူး အကုန်ကောင်းနေကြတာလေ ” လို့ ပြောဖူးပါတယ်။
 ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်မဲရှုံးကျသလဲလို့ အဖြေရှာကြတဲ့ အခါမှာ ပါတီအရေအတွက်များနေတာကလည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါနေပါတယ်၊ ဒါကြောင့်ကရင်ပါတီ ၅ ပါတီကတော့ ပူးပေါင်းဖို့လုပ်နေတယ်လို့ ပြောပါတယ်။





“အခု ကရင် ၅ ပါတီတော့ ပေါင်းဖို့လုပ်နေပြီ၊ ဆွေးနွေးပွဲတွေလည်း စနေပါပြီ ၊ လုပ်စရာတွေတော့ ကျန်သေးတာပေါ့လေ၊ ပါတီ မူဝါဒတွေတော့ ညှိနှိုင်းရအုံးမယ်၊ အခုထိကတော့ အဆင်ပြေနေသေးတယ်၊ ပါတီတွေ ပေါင်းဖို့လိုတယ်၊ တစ်ပါတီချင်းဆိုရင် ရွေးကောက်ပွဲတွေမှာ ယှဉ်နိုင်ဖို့ မလွယ်ဘူး ပါတီကြီး ၂ ခုပဲ စိုးမိုးနေလိမ့်မယ်၊ ပေါင်းဖို့တော့အခြားတိုင်းရင်းသားတွေလည်းလုပ်နေတယ်၊ ဒါပေမယ့် ပေါင်းစည်းရေးမှာ အခက်ခဲတွေတော့ ရှိတယ်၊ မဟာမိတ်အနေလောက်နဲ့ မလုံလောက်ဘူး၊ ရွေးကောက်ပွဲမှာမဟာမိတ်ပြုထားပြီး ဒီမဲဆန္ဒနယ်တော့ ဘယ်သူဝင်ပြိုင် အခြားပါတီ မပြိုင်နဲ့ ဆိုပေမယ့် တစ်ကယ်တမ်းကျတော့ ဝင်ပြိုင်နေကြတယ်၊ ကတိမတည်တာတွေ ရှိကြတယ် ” လို့ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့်လည်း ပါတီတွေများလို့ စုပေါင်းကြဖို့ ဆိုပေမယ့် ၃ ပါတီရှိတဲ့ တိုင်းရင်းသားများ ၂ပါတီဘဲပေါင်းနိုင်ရင်လည်း အလုံးစုံ အဆင်ပြေမှာမဟုတ်ပါဘူး၊ ဘာ့ကြောင့်လည်းဆိုရင် ၁ ပါတီကျန်နေရင်လည်း မဲဆန္ဒရှင်အနေနဲ့ ဝေခွဲရခက်နေအုံးမှာပါဘဲ။ ပါတီပေါင်းစည်းရေးဆိုတာ ပါးစပ်ကပြောသလောက် မလွယ်ကူဘူးလို့လည်း တိုင်းရင်းသားပါတီခေါင်းဆောင်တွေက ပြောနေကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ ပါတီနည်းပြီး ပေါင်းစည်းနိုင်တဲ့ တိုင်းရင်းသားပါတီတွေဟာ မဲရလာဒ်ကောင်းတွေ ရခဲ့ကြပါတယ်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာတော့ တိုင်းရင်းသားပါတီတွေ မဲအသင့်အတင့်ရခဲ့ကြပါတယ်၊ ရခိုင်ပြည်နယ်မှာဆိုရင်တော့ ပါတီကြီး ၂ ပါတီကို ပေါင်းစည်းနိုင်တဲ့အတွက် မဲဆန္ဒရင်အများအပြားက မဲပေးလိုက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ အမတ်ဦးရေ အများအပြားရခဲ့ကြပါတယ်၊ ဒါပေမယ့် ရခိုင် ၂ ပါတီက ပေါင်းစည်းရေးကို ယာယီဘဲ ပြုလုပ်နိုင်တဲ့အတွက် အခြားပါတီတွေက သင်္ခန်းစာယူပြီး အချိန်ယူ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
ပါတီပေါင်းစည်းရေးမှာ မူဝါဒပိုင်းမှာတော့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဒီမိုကရေစီထွန်းကားရေး လူ့အခွင့်အရေး တန်းတူညီမျှရေးတွေကို အခြေခံထားတဲ့အတွက် မူဝါဒပိုင်းအခက်အခဲမရှိပေမယ့် တစ်ဦးနဲ့တစ်ဦး မာန်မာနတွေထားပြီး နေရာ( ရာထူး) တွေက ပြဿနာဖြစ်နေတယ်၊ သူမှတော်တယ် တက်တယ် ငါက ဆုံးဖြတ်ချက်ချနိုင်တယ်၊ ငါ့လုပ်သက် ငါ့အတွေ့အကြုံဆိုတဲ့ ငါဆိုတဲ့ မာနတွေ များနေလို့ ပေါင်းစည်းရေးမှာ အခက်အခဲတွေ့နေကြပါတာဖြစ်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြပါတယ်။ ပြီးလို့ရှိရင် ပူပေါင်းကြတဲ့ ပါတီအတွင်းမှာလည်း သူ့အုပ်စု ကိုယ့်အုပ်စု ဆိုပြီး ကိုယ်အဆင်ပြေတဲ့လူနဲ့ ပါတီစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုမရှိဘဲ လှုပ်ရှားနေတဲ့ ပါတီဝင်အချို့ရှိနေတာကိုလည်း တွေ့ရပါတယ်။
“လူကြီးတွေက သူ့မာန ကိုယ့်မာနတွေရှိနေတယ် နှစ်ဖက်စလုံးက လူကြီးတွေကလေ ဘာ့ကြောင့်လဲဆိုတော့ လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့ မြည်တာမဟုတ်ပါဘူး နှစ်ဖက်တီးမှ မြည်တာပါ။ အဲဒါကြောင့်မို့လို့ နှစ်ဖက်က ပုဂ္ဂိုလ်တွေ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ်ဆိုရင်တော့ ပူးပေါင်းနိုင်တာပေါ့။ တစ်ကယ်လို့မှာ သူတို့က ပြည်သူတွေရဲ့မျက်နှာ ရှမ်းတိုင်းရင်း သား အများစုရဲ့ မျက်နှာကို မကြည့်ဘဲနဲ့ သူ့မာန ကိုယ့်မာနထောင်လွှားနေအုံးမယ်ဆိုလို့ရှိရင်တော့ ပူးပေါင်းဖို့က မဖြစ်နိုင်ဘူး ” လို့ ရှမ်း၂ ပါတီပူးပေါင်းရေးနဲ့ ပတ်သတ်ပြီး ဦးစိုင်းမောင်တင်က ပြောပါတယ်။
ရှမ်း၂ပါတီဖြစ်တဲ့ ကျားဖြူ ကျားခေါင်းသာပေါင်းစည်းပြီး အင်းအားကြီးပါတီတစ်ခုထဲဖြစ်သွားရင် ရှမ်းလူထုကလည်း မဲပေးရွေးချယ်ရာမှာ ဝေဝါးသွားမှာ မဟုတ်တော့ပါဘူး၊ ရှမ်းလူထု အားကိုးလောက်တဲ့ ရှမ်းပါတီကြီးရှိနေမယ်ဆိုရင် ပြည်မ ပါတီတွေအနေနဲ့ ရှမ်းပြည်နယ်မှာတော့ ဝင်ရောက်နေရာယူဖို့ ဆိုတာ မလွယ်ပါဘူး၊ ဒီလိုပါပဲ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊ မွန်၊ ကယား စတဲ့ တိုင်းရင်းသားပါတ်ီတွေသာ ကိုယ့်တိုင်းရင်းသားတွေအတွင်းမှာ အင်အားကြီး ပါတီတစ်ခုအဖြစ် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်သာ ရပ်တည်နိုင်မယ်ဆိုရင် ကိုယ့်ပြည်နယ်ကိုယ့်ဒေသအတွက် ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။
နိုင်ငံရေးမှာ လူထုအတွက် ကိုယ့်တိုင်းရင်းသားပြည်သူအတွက် ကြည့်ပြီးလုပ်ကြမယ်ဆိုရင်တော့ ပါတီပေါင်းစည်းရေးတွေမှာ အခက်အခဲတွေ နည်းပါးသွားမှာ ဖြစ်ပါတယ်၊ အဲလိုမဟုတ်ဘဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့ထဲ ခွဲလုပ်နေအုံးမယ်ဆိုရင် အင်အားဘယ်လောက်ရှိလည်း စဉ်းစားမှ ရပါတော့မယ်၊ နိုင်ငံရေးလုပ်တဲ့အနေရာမှာ လွှတ်တော်တွင်းရောက်ရေး အာဏာရရှိရေးဖြစ်ပါတယ်၊ လွှတ်တော်တွင်းရောက်ဖို့ ငါ့မှာ အားဘယ်လောက်ရှိလဲ ငါ့အားထက်များနေတဲ့ပါတီဘယ်လောက်ရှိလဲ စဉ်းစားမှဖြစ်တော့မယ့် အခြေအနေဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲပြီးချိန်မှာတော့ လွှတ်တော်ထဲရောက်သွားတဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက တစ်နိုင်ငံလုံးမှ ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်ပေါင်းမှ ၅၆ ဦးဘဲ ရှိပါတယ်၊ ဒီ ၅၆ ဦးထဲကမှ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်အမတ်က ၃၃ ဦးဘဲ ရှိပါတယ်၊ တစ်ကယ်လို့ လွှတ်တော်မှာ ၅၆ ဦးသော တိုင်းရင်းသား အမတ်ဦးရေက ဆုံးဖြတ်ချက်ချဖို့နေရာတွေမှာ အင်အားတောင့်တင်းပြီး လုံလောက်တဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။ ကရင်တိုင်းရင်းသား ၅ ပါတီက ၂၀၄ ဦး ဝင်ရောက်ယှဉ်ပြိုင်တဲ့အထဲမှာ တစ်ဦးဘဲ အနိုင်ရရှိပြီး လွှတ်တော်ထဲ ရောက်တယ်လို့ သိရပါတယ်။
အဲဒါကြောင့်မို့ ပါတီတွေ ပေါင်းစည်းဖို့ လိုနေတယ်လို့ ထောက်ပြပါရစေ။ ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသား ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် စဉ်းစားပြီး စုပေါင်း လုပ်ဆောင်ကြမယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး၊ ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်မှ မလုပ်ရင် အခြားလူတွေ ဘယ်လောက်လုပ်လုပ် ဘာသာစကား၊ ယဉ်ကျေးမှု ၊ အခက်အခဲတွေကို ကိုယ့်တိုင်းရင်းသား အချင်းချင်းလောက်တော့ နားမလည်တာ သေချာပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားပါတီကခေါင်းဆောင် နိုင်ငံရေးသမားတွေကဒေသခံတိုင်းရင်းသားပြည်သူတွေအတွက် ကြည့်ဖို့ ရာထူးတွေ ပြောဆိုခွင့်တွေကို စုပေါင်းတာဝန်ယူလုပ်ဖို့ လိုအပ်ပါတယ် ငါဆိုတဲ့ မာန်တွေ လျော့ချသင့်ပြီလို့ ယူဆရပါတယ်။
တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရေးလုပ်ဆောင်နေတဲ့အထဲမှာ ချင်းတိုင်းရင်းသားပါတီတွေလည်း ကြိုးစားနေကြတာ တွေ့ရပါတယ်။ ချင်းတိုင်းရင်းသားတွေမှာလည်း ချင်းလူမျိုးစုကို အမည်ခံတာက ၉ ပါတီ၊ ချင်းအမည်ပါဝင်တဲ့ ပါတီက ၃ ပါတီရှိပါတယ်။ ချင်းအမည်ခံထားတဲ့ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းရေး အတွက် အခုတွေ့ဆုံဆွေးနွေးမှုတွေ ရှိနေပြီလို့ သိရပါတယ်။
“ချင်းပါတီတွေလည်းပေါင်းစည်းဖို့ လုပ်နေပါတယ်၊ အခုတော့ အခတ်အခဲတွေ မရှိသေးဘူး၊ အသေးစိတ်ကတော့ ထုတ်ပြောလို့မရသေးဘူး၊ ပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် လုပ်နေတာပေါ့ ၊ ပြည်မမှာ ဘယ်သူတွေ အနိုင်ရရ ကိုယ့်တိုင်းရင်းသားနယ်မြေမှာတော့ အနိုင်ရဖို့ လုပ်ရမယ်၊ ဒါကလည်း ပါတ်ီတွေ များနေလို့ မဖြစ်ဘူး၊ ပေါင်းနိုင်ရင်တော့ ကိုယ့်ပြည်နယ်မှာ အမျိုးသားပါတီက အနိုင်ရလိမ့်မယ်လို့ ပြောနိုင်ပါတယ်၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာရခိုင်မှာဆိုရင် ရခိုင်ပါတီ တစ်ခုထဲလိုပြိုင်တော့ နေရာတော်တော်များများ အနိုင်ရခဲ့တယ်လေ၊ ရှမ်းမှာလည်း ဒီလိုပါဘဲ ”လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောပါတယ်။
တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်စည်းလုံးဖို့လိုအပ်နေပါပြီ၊ ၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံတွေနဲ့ ပြောရရင်လည်း ပါတီကွဲကွဲပြားပြားမရှိတဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေသာ အနိုင်ရခဲ့ကြပါတယ်။ တိုင်းရင်းသားပါတီတွေမှာ အဓိက မူကတော့ ဖက်ဒရယ်ရရှိရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတဲ့ မူကတော့ တူညီကြပါတယ်။ တစ်ကယ်ပေါင်းချင်စိတ်ရှိပြီး တန်းတူညီမျှ လုပ်ကိုင်ကြမယ်ဆိုရင်တော့ ပေါင်းစည်းလို့ ရပါတယ်လို့ ဆလိုင်းကျဲအိုဘိခ်ထောင်က ဆိုပါတယ်။
တိုင်းရင်းသားပါတီတွေသာ စည်းလုံးပြီး ညီညွတ်စွာနဲ့ ပေါင်းစည်းရေးအဆင်ပြေမယ်ဆိုရင် မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူတွေလည်း ဝေဝါးမှုတွေနည်းပါးပြီးတော့ ကိုယ့်အမျိုးသား ကိုယ့်လူမျိုးပါတီကို မဲထည့်ကြမှာပါ။ ဒါ့အပြင် ပါတီအတွင်း နဲ့ ပါတီပူးပေါင်းရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်သူတွေ အားလုံးက တသွေမတိမ်း လေးစားလိုက်နာဖို့နဲ့ အချင်းချင်း လေးစားအသိအမှတ်ပြုကြဖို့လည်း လိုအပ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့် မြန်မာ့နိုင်ငံရေးအခြေအနေက ဒီမိုကရေစီ မရင့်သန်ခင်မှာ အစုအဖွဲ့တွေများပြီး အမျိုးမျိုးကွဲပြားနေတာထက်စာရင် ပေါင်းစည်းပြီး တစ်သံထဲ ထွက်ကြမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ရှေ့ဆက်ပြီး စစ်မှန်သောဖက်ဒရယ် ဖြစ်လာနိုင်ပါတယ်။
ပါတီတွေပေါင်းစည်းပြီး ရွေးကောက်ပွဲဝင် အနိုင်ရရှိပြီး လွှတ်တော်တွင်း အစိုးရအဖွဲ့အတွင်း ရောက်ရှိမှ ဥပဒေတွေ တိုင်းရင်းသားအခွင့်အရေးတွေ နှစ်ပေါင်းမြောက်များစွာ တောင်းဆိုလာတဲ့ ဖက်ဒရယ်တိုင်းပြည်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့တွေဟာလည်း ကိုယ့်ပြည်နယ် ကိုယ့်အမျိုးသားဆိုရင် ကိုယ်ကျိုးငဲ့ပြီး ပြည်သူ့အကျိုးကြည့်မယ်ဆိုရင် ပြည်နယ်တွေလည်း ဖွံ့ဖြိုးမှုတွေ မြန်လာမှာဖြစ်ပါတယ်။
နိုင်ငံရေးပါတ်ီတစ်ခုရဲ့ ပန်းတိုင်က ရွေးကောက်ပွဲ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရေးပဲ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲဆိုတာမျိုးက ယှဉ်ပြိုင်ရတာဖြစ်ပါတယ်၊ အင်အားကြီးတဲ့သူ အနိုင်ရစတမ်း စနစ်ကို သွားနေတာဖြစ်နေလို့ နိုင်ငံရေးပါတီတွေ အင်အားရှိဖို့ လိုပါတယ်၊ အစုအဖွဲ့တွေများပြီး အင်အားမရှိရင် ဘယ်တော့မှ လိုရာပန်းတိုင်ကိုရောက်မှာ မဟုတ်ပါဘူး။ ကွဲပြားနေတဲ့ တိုင်းရင်းသား အင်အားစု ပါတ်ီတွေ ပေါင်းစည်းပြီး အင်းအားကြီးပါတ်ီတစ်ခု အဖြစ်ရပ်တည်နိုင်မှသာ ရွေးကောက်ပွဲတိုင်းမှာ အောင်ပွဲဆင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ပြည်နယ် ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် “ စုပေါင်းမှ ညီညာမယ် ညီညာမှ ပြည်သာမယ်” ဆိုတဲ့အတိုင်း တိုင်းရင်းသားပါတီများ အကွဲအပြဲတွေကို ဖာထေးပြီး ပေါင်းစည်းနိုင်ရေးကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ …. ။ ။

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...