Thursday, May 26, 2016

မြန်မာ့နိုင်ငံရေးသမိုင်းထဲက ၁၃ဝဝ ပြည့်အရေးတော်ပုံ

ဝင်းဇော်နိုင်

         ''သခင်မျိုးဟေ့ . . . ဒို့ဗမာ သပိတ် သပိတ်မှောက်မှောက်၊သပိတ် သပိတ်  မှောက်မျောက်၊ အရေးတော်ပုံ အောင်ရမည့်အရေးတော်ပုံအောင်ရမည်'' လို့လွန် ခဲ့သော ၇၅ နှစ်ခန့်က ချောက်မြို့တွင် သခင်ဘိုးလှကြီးနှင့်သခင်အုန်းဖေတို့ဦး ဆောင်ခဲ့သောချောက်ရေနံမြေအလုပ်သမား များ ချောက်မြို့တွင် လှည့်လည်၍ဆန္ဒပြ ကြွေးကြော်သံများဖြစ်တယ်လို့ ၇ တန်း ကျောင်းသားအရွယ်တွင် ကိုယ်တိုင် ပါဝင် ၍ဆန္ဒပြခဲ့သော အရေးတော်ပုံသပိတ်မှောက် ကျောင်းသာ အသက် ၉၄ နှစ်ရှိဦးသော်မှ ပြောပါတယ်၏ ။

          ''ဘယ်လိုမှ မခံနိုင်လွန်းလို့ ဆန္ဒပြ ကြတာ၊တစ်မြို့လုံးလှည့်လည်ကြွေး ကြော်ကြတာပေါ့၊ ဘီအိုစီ  ရေနံကုမ္ပဏီက ရက်စက်လွန်းလို့ရေနံအလုပ်သမားတွေမှာမသေရုံပဲကျန်တော့တယ်၊ မိသားစုပေး နေတဲ့အခန်းကလဲကျဉ်း၊ ဆေးဝါးကလဲမရှိ ဒါတွေကို မြင်နေရတော့ကျောင်းသားတွေ ကလဲမခံနိုင်ဘူး၊ ကျောင်းသားတွေကို ဦးဆောင်တာက ဦးကေသရကြီးပါ၊ အလုပ်သမားတွေကိုတော့ သခင်က ဦးဆောင်တာပါ'' လို့ဦးသော်မှဖြစ်စဉ်တွေ ပါဝင်ခဲ့ပုံ တွေကိုပြောပါတယ်။


          ကိုလိုနီခေတ်မြန်မာနိုင်ငံ၌ ၁၃ဝဝ ပြည့် ၁၉၃၈ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရနှင့် ဓနရှင်များအားပွဲဦးထွက်ဆန့်ကျင် ဆန္ဒပြ သော ချောက်ရေနံမြေအလုပ်သမားသပိတ်ကြောင့်တစ်နိုင်ငံလုံးရှိ အလုပ်သမား များ လယ်သမား ကျောင်းသားစသော ပြည်သူ တစ်ရပ်လုံးပါဝင်၍အင်္ဂလိပ်နယ်ချဲ့အစိုးရ အား အကြမ်းမဖက်သောနည်းဖြင့် ဆန့် ကျင်ဆန္ဒပြခဲ့သော သမိုင်းဝင်၁၃ဝဝ ပြည့် အရေးတော်ပုံကြီးဖြစ်ပါတယ်။

          ချောက်ရေနံမြေအလုပ်သမားများ သည်ချောက်မြို့ဈေးအနောက်ဖက်ရှိမြေကွက်လပ်တွင် လူထုအစည်းအဝေးကြီး ပြုလုပ်၍ ဘီအိုစီကုမ္ပဏီကို တောင်းဆိုချက် ၅ ချက်တောင်းဆိုခဲ့ကြပါတယ်။ ၄င်း တောင်းဆိုချက်တို့မှာ ၁။ ရေနံအလုပ် သမားတို့အား တစ်နှစ်လျှင် လစာမပျက် ခွင့် ၅၃ရက်၊ ၂။လေဘာဗြူရိုပါဝင်သော အလုပ်သမားစောင့်ရှောက်ရေးအဖွဲ့ဖွဲ့ပေး ရန်၊ ၃။ အလုပ်သမားများကို လုပ်ခရှင်းပေး ရာ၌ နေ့စားအဖြစ်မှ လပေးစနစ်ရှင်းပေးရန် ၊ ၄။ ဇန်နဝါရီလ ၈ ရက်နေ့က စတင်ဖြစ်ပွားပေါ်ပေါက်လာသော ဤသပိတ် ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာခေါင်း ဆောင်များကို အလုပ်ပြန်သွင်းရန်နှင့်ဌာန ဆိုင်ရာအရေးယူမှုများမပြုလုပ်ရန်၊ ၅။ ဘီအိုစီကုမ္ပဏီက ဤတောင်းဆိုချက် များကို အရေးယူဆောင်ရွက်ပေးမည်ဟုကတိပေးလျှင် အလုပ်သမားများသည် အလုပ်ခွင် သို့ပြန်လည်ဝင်ရောက်ဆောင် ရွက်မည် မလိုက်လျောလျှင်ဆက်လက် သပိတ်မှောက် မည်ဖြစ်ကြောင်းတောင်းဆို ခဲ့ကြတယ်လို့ ဦးလေးမောင်ပြုစုသည့် မြန်မာ့နိုင်ငံရေး သမိုင်းစာအုပ်၊ဒုတိယတွဲ အခန်း ၂၁ တွင် ဖော်ပြထားပါတယ်။



          ချောက်မြို ဘီအိုစီရေနံကုမ္ပစီ၏ လက်အောက်၌ရေနံအလုပ်သမားများမှာ လုပ်ခလစာနည်းခြင်းကျန်းမာရေးချို့တဲ့ ခြင်း စသော အထွေထွေအကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသောကြောင့် သပိတ်စခန်းများဖွင့်လှစ်၍  ချောက်ရေနံမြေ သပိတ်မှောက်အလုပ် တို့၏ တောင်းဆိုချက်များကိုပြုလုပ်ပေး ခြင်းမရှိခဲ့သော ဘီအိုစီ ရေနံကုမ္ပဏီနှင့်နယ် ချဲ့အရင်းရှင်ကိုယ်စားလှယ်ဖြစ်သောဒေါက်တာဘမော်ဦးဆောင်သော ညွှန့် ပေါင်းအစိုးရတို့အား ငြိမ်းချမ်းစွာဆန္ဒပြရန် အတွက် မိုင်၎ဝဝ ကျော်ခရီးဖြစ်သော ရန်ကုန်သို့ ချီတက်မယ်လို့ဆုံးဖြတ်ခဲ့ကြပါ တယ်။

          ၁၃ဝ ပြည့်နှစ်နတ်တော်လဆန်း ၉ ရက်၊ ၁၉၃၈ ခုနိုဝင်ဘာလ ၃ဝ ရက်နေ့ နံနက်တွင် ချောက်မြို့ကို သိမ့်သိမ့်တုန် စေသောစည်တော်သံများနှင့်လမ်းရွာ၊ ရေနံချပ်တို့မှ သပိတ်လုပ်သား ၄ဝဝ ခန့် ချောက်မှ အလုပ်သမား ၅ဝဝ ကျော်တို့ကရေနံသပိတ်ရန်ကုန်ချီတက်ရေးတာဝန်ခံ အဖွဲ့ ကိုယ်စား သခင်ဘိုးလှကြီးစီစဉ်ကွပ် ကဲမှုအောက်တွင်လေးယောက်တစ်တွဲ စစ်တပ်ချီသကဲ့သို့ ခရီးစတင်ထွက်ခဲ့ကြပါ တယ်။ ရေနံမြေသပိတ်တပ်ကြီးအားပြည်သူ ၄ဝဝ ကျော်က ချောက်မြို့တမာ အိုက်ရပ်ကွက်အရောက် လိုက်ပါကြပါ တယ်။ ရေနံမြေသပိတ်တပ်ကြီးဟာတစ်နေ့ ၁၅ မိုင်ကျော်မှ လမ်းလျောက် ချီတက်ကြတယ်လို့ ဒို့ဗမာအစည်းအရုံး သမိုင်းစာအုပ်အခန်း၎ တွင်ဖော်ပြထား ပါတယ်။

          ရေနံမြေအလုပ်သမားများ၏ ရန်ကုန် သို့ချီတက်၍ဆန္ဒဖော်ထုတ်မှုကို ဘီအိုစီ ကုမ္ပဏီနှင့် ညွှန့်ပေါင်းအစိုးရတို့မှ မခံမရပ် နိုင်ဖြစ်လာသောကြောင့်အင်္ဂလိပ်နယ်ချဲ့ အစိုးရ၏ လက်ပါေးစများက ရေနံမြေ သပိတ်တပ်ကြီး မကွေးမြို့အရောက်တွင် သပိတ်ခေါင်းဆောင်သခင်ဘိုးလှကြီး၊သခင်မတင်၊ သခင်ခင်၊ သခင်ဗမောင်၊ သခင်ဖေကြီး၊ ဆရာတော်ဦးဝါယမသာမိ၊ ဦးဂန္ဓမာ၊ ဦးဇောတိက၊ရှင်နန္ဒတို့ကို လူဆိုး ပုဒ်မ ၁ဝ၇ တပ်၍ ဖမ်းဆီးလိုက်ကြပါ တယ်။

          အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ ရည်ရွယ် ချက်မှာခေါင်းဆောင်များဖမ်းဆီးလိုက်ပါက ရေနံမြေ သပိတ်တပ်ကြီးဆက်လက် ခရီးမထွက်အောင်လုပ်လိုက်ခြင်း ဖြစ်ပါ တယ်။ မကွေးရောက်ရေ နံမြေသပိတ်တပ်ကြီး၏ ခေါင်းဆောင်များအဖမ်းဆီးခံရ သောကြောင့် ဗမာအစည်းအရုံးအဖွဲ့ ဝင် များ ကျောင်းသားများဟာရေနံမြေသပိတ် တပ်ကြီးရန်ကုန်ရောက်ရှိရေးအတွက် တစ်ဗိုလ်ဆင်းလျှင် တစ်ဗိုလ်တက်မည်ဟူ သောရည်ရွယ်ချက်တို့ဖြင့် ဒို့ဗမာအစည်း အရုံးမှ ဗိုလ်များစုဆောင်း၍ ရေနံမြေသပိတ် တပ်ကြီးကိုဦးဆောင်ခဲ့ပါတယ်။

          မြန်မာ့နိုင်ငံရေးသမိုင်းတွင် ထင်ရှား ကျော်ကြားသောအဆိုအမိန့်များ စကားလုံးများရှိခဲ့ပါတယ်။ မကွေးအ ရောက်ခေါင်းဆောင်များ အဖမ်းခံထားရသော ရေနံမြေသပိတ်တပ်ကြီးစိတ်ဓာတ် ခွန်အားမြှင့်တင်ရန်အတွက် ပြောသော မိန့် ခွန်းများတွင်သမိုင်းတွင်မည့် စကားလုံး ပါရှိခဲ့ပါတယ်။ ဘာလဲဆိုတော့ မြင်းခွာ တစ်ချက်ပေါက်ရင်မီးဟုန်းဟုန်းတောက်စေရမယ်''ဆိုသော စကားလုံးပဲဖြစ်ပါတယ်။

          မကွေးမြို့မဲထီးကျောင်းတိုက်တွင် သပိတ်စခန်းဖွင့်ထားသောရေနံမြေ သပိတ်တပ်သားများဟာ မကွေးရှိ ကျောင်းသား၊ ကျောင်းသူ ၂ဝဝ ကျော်နှင့် ပြည်သူများ တက်ရောက်သော အစည်းအဝေးကျင်း ပကြပါတယ်။ အစည်း အဝေးတွင်သခင်ထိန်ဝင်းနှင့် ကိုဗဟိန်း တို့ဟောပြောကြပါတယ်။ကိုဗဟိန်းပြော တာက "သပိတ်တပ်ကြီးမနက်ဖန်ဒီဇင်ဘာ လ ၁၃ ရက်နေ့တွင် ပုဒ်မ ၁၄၄ ကိုတိုက်ဖျက်၍ ဆက်လက်ချီမည်ဖြစ်ကြောင်း မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည့် ရဲဘော်တို့ သတ္တိကမ္ဘာသိ အောင် ပြကြပါ။ နယ်ချဲ့အင်္ဂလိပ်ကို ရဲ ဘော်တို့သွေးစည်းညီညွတ်ရေးအင်အားဖြင့် ဗမာပြည်ပြင်ပသို့ မောင်းထုတ်ကြပါ"  လို့ လူထုအစည်းအဝေးပွဲမှာ ဟောပြော တယ်လို့အောင်ထွန်းရေးသောမြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ် အခန်း ၈ တွင်ဖော်ပြထားပါတယ်။  

       မကွေးမြို့သို့ ရောက်ရှိနေသော ရေနံ မြေသပိတ်ခေါင်းဆောင်များဖမ်းဆီးရုံနှင့်မကြေနပ်သော နယ်ချဲ့အစိုးရသည် သခင်စို၊ သခင်ဖေသန်း၊ ကိုဗဟိန်း၊ ကိုဗထွေး၊ သခင်ထိန်ဝင်းတို့လိုဖမ်းဆီး လိုက်သောကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများလည်း စတင်လှုပ်ရှား လာကြပါတယ်။ရေနံမြေသပိတ်ကြောင့် တက္ကလိုလ်ကျောင်းသားများပါဝင်လာမှု တကသ အဆောက်အဦး၌ အထူး အစည်းအဝေးများကျင်းပကြပါတယ်။

          ၁၃ဝဝ ပြည့်နှစ်တွင် ရေနံမြေသပိတ် ပေါ်ပေါက်၍သပိတ်ခေါင်းဆောင်သခင် များ၊ ဖမ်းဆီးမှု၊ ရေနံမြေသပိတ်တပ်သား များအားဝိုင်းဝန်းကျသောကျောင်းသား ခေါင်းဆောင်များအားဖမ်းဆီးမှုများကြောင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှကြီးမှူးသောအထူးအစည်းအဝေးတွင် သမဂ္ဂ ဒု-ဥက္ကဋ္ဌကိုလှရွှေမှ သဘာပတိအ ဖြစ်ဆောင်ရွက်ပြီးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဝတ်လုံတော် ၈ ဦးကျော်မြင့်၊ သခင်နု၊ သခင်လှဖေ၊ ဘေဘီယန်ဦးတင့်အောင်၊တက်ဘုန်းကြီး သိန်းဖေနှင့်သံဃာတော်များပါတက်ရောက်ခဲ့ ကြပါတယ်။

          ယင်းအစည်းအဝေးတွင် ကျောင်းသာ သမဂ္ဂ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးကို မတရားဖမ်းဆီးသည့် အတွက်ကန့်ကွက် သည့်အနေဖြင့် သမဂ္ဂအမှုဆောင်လက် မောင်းများတွင် အနက်ပတ် ကိုယ်စီပတ် ထားကြပါတယ်။အစည်းအဝေးကျင်းပရာ အသင်းတိုက်ရှေ့တွင်လည်း ''လာမည့်ဘေး ပြေးတွေ့'' ''သတ္တိရှိကြစမ်းပါ'' ''ညီညာမှ ပြည်သာမည်''''လူမိုက် အလိုရှိသည်'' ''နိုင်ငံချဲ့အစိုးရပျက်စီးပါစေ''စသည့် စာတမ်းများချိတ်ဆွဲထားတယ်လို့ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း စာအုပ်တွင်ဖော်ပြထားပါတယ်။

          ရေနံမြေသပိတ်ကြီးမှစ၍ ရန်ကုန်တက္ကသိုလ်ကျောင်းသားများမန္တလေးလူထုနှင့်ပဲခူး၊ ဝေါနယ်ရှိ လယ် သမားများဟာ ၁၃ဝဝ ပြည့်နှစ်အတွင်း အင်္ဂလိပ်နယ်ချဲ့အစိုးရမှထိမ်းမနိုင် သိမ်း မရဖြစ်ခဲ့ပါတယ်။ အလုပ်သမားလယ် သမား ကျောင်းသား၊ ရဟန်းသံဃာများ ပါဝင်လာသောမြန်မာနိုင်ငံအတွင်းက ဆန့် ကျင်ဆန္ဒပြမှုများကို နယ်ချဲ့အစိုးရက ရက်စက်စွာ ဖမ်းဆီးရိုက်နှက်သတ်ခဲ့ကြပါတယ်။

          ၁၉၃၈ ခုနှစ်ဒီဇင်ဘာလ ၂ဝ ရက်နေ့ တွင် ကျောင်းသား၊ကျောင်းသူများ အတွင်းဝန်ရုံးကို ပတ်လည်ပိတ်ဆို့၍ ဝိုင်း ရံ ဆန္ဒပြကြစဉ် ဒေါက်တာဘမော်အလိုမရှိ၊ညွှန့်ပေါင်းအစိုးရအလိုမရှိ၊ ဆင်းရဲသား ဆိုင်းဘုတ်ဖြုတ်ချ စသော ကြွေးကြော်သံ များမီုးတ်၊ မီးတုတ်ရှို့ရှို့၊ သခင်မျိုးဟေ့ ဒို့ဗမာ'' အရေးတော်ပုံအောင်ပါစေ စသော ကြွေးကြော်သံများဖြင့်ဆန္ဒပြစဉ် အတွင်းမြင်းစီပုလိပ်များက ရိုက်နှက်ကြ သောကြောင့် ကျောင်းသား ၇ဝ ကျော်ဒဏ်ရာရခဲ့ပြီးဆေးရုံတက်ရောက်ကုသနေစဉ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဦးခေါင်းတွင် နံပါတ်တုတ်ဒဏ်ရာ၊ ၃ ချက်ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အာဇာနည် ဗိုလ်အောင်ကျော် ကွယ်လွန်ခဲ့ တယ်လို့ မြန်မာနိုင်ငံကျောင်းသားလှုပ် ရှားမှုသမိုင်း တွင်ဖော်ပြထားပါတယ်။

          အင်္ဂလိပ်နယ်ချဲ့အစိုးရ ပုဒ်မ ၁၄၄ ကို ဆန့်ကျင်၍မကွေးရောက် ရေနံမြေသပိတ် တပ်ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြမှုအပြင် မန္တလေးအစိုရကအမိန့် ဆန့်ကျင်ဆန္ဒပြမှုတွင် အာဇာနည် ၁၇ နှစ်ဦးလဲကျဆုံးခဲ့ပါတယ်။ ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ရက်စက်ပုံ အင်္ဂလိပ်နယ်ချဲ့များ ၏ ဖိနှိပ်ပုံဟာ ပြည်သူများအတွင်း လွတ် လပ်ရေးကိုမရအရယူရမယ်ဆိုတဲ့ စိတ် ပို၍ ဖြစ်ပွားစေခဲ့ပါတယ်။

          ၁၉၃၈ ခုနှစ်တွင် လူထု၏ အုံကြွ မှု မှာနေရာအနှံ့အပြားဖြစ်နေပါတယ်။အလုပ်သမားများ၏ အကြိမ်ကြိမ်သပိတ် မှောက်မှုများ အင်းစိန်၊ ဘတ်စ်ကား သပိတ်ကြည့်မြင်တိုင် စူရတီဈေးသည်များ မြို့တွင်းလှည့်လည်ဆန္ဒပြမှု၊ သံလျင်ရေနံ ချက်စက်ရုံအလုပ်သမားများသပိတ်မှောက် ၍ လိုလားချက် များတောင်းဆိုမှုစသောမြန်မာပြည်လူထုအကျပ်အတည်းအခက် အခဲများကို သမိုင်းကျန်ရစ်အောင် တောင်းဆိုဆန္ဒပြခဲ့ကြသောနှစ်လည်းဖြစ်ပါတယ်။

          ချောက်ရေနံမြေသပိတ်တပ်ကြီးက လည်းမကွေးမြို့၏ပုဒ်မ ၁၄၄ ကို ဆန့်ကျင်၍ သခင်များ၏ ဦးဆောင်မှုဖြင့် ၁၉၃၉ ခုနှစ်ဇန်နဝါရီလ ၈ ရက်နေ့တွင်ရန်ကုန်မြို့ရွှေတိဂုံဘုရားရင်ပြင်သို့ ဆိုက် ရောက်ခဲ့ တယ်လို့ ဦးလေးမောင်ပြုစုသည့်မြန်မာ့နိုင်ငံရေးသမိုင်းဒုတိယတွဲအခန်း ၂၁ တွင်ဖော်ပြထားပါတယ်။

          ရန်ကုန်မြို့သို့ ရောက်ရှိလာသော ရေနံမြေသပိတ်တပ်ကြီးသည်ရွှေတိဂုံ ဘုရားအသွား ကြံတောသုသာန်သို့ဝင်ရောက်၍ ဗိုလ်အောင်ကျော်အုတ်ဂူသို့ဝင်၍ အလေးပြုကြပါတယ်။ ရန်ကုန်မြို့သူမြို့ သားများ၊ ကျောင်းသားများ၊ ဈေးသည် များသည် ရေနံမြေသပိတ်တပ်ကြီးနှင့် အတူ ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်အထွေထွေသပိတ် ကြီးတွင် ပါဝင်သပိတ်မှောက်ခဲ့ကြသော အလုပ် သမားဌာနများမှာ-

          သံလျင်ရေနံချက်စက်ရုံအလုပ် သမားများ၊ ဂျမားစက်အိုင်ဘီစီရေနံချက်စက်ရုံ၊ သီလဝါစက်ဘီဘီစီစီရေနံချက်ရုံ၊ ပုသိမ်ညွန့်မီးခြစ်စက်။ ဒလအစိုးရသင်္ဘော ကျင်း၊ကမာရွတ်ရော်ဘာစက်၊ ရန်ကုန်အာရ်အီးတီဘတ်စ်ကားဒရိုင်ဘာ သပိတ်၊ အလုံဧရာဝတီသံရေကျိုဌာန၊မှော် ဘီအစိုးရရုက္ခဗေဒဌာန၊ မစိန်ညွန့်ဆေး လိပ်ခုံ၊ ရန်ကုန်သပိတ်မှောက်ကျောင်း သားများနယ်များမှ လယ်သမား တပ်ပေါင်းစု၊ မြို့နယ်တိုင်းရှိ မော်တော်ကား သမားများ၊ မြင်းခြံဆီစက်အလုပ်သမားများ၊ အောင်လံမြို့စတီးက်အလုပ် သမား များ၊ မန္တလေးဈေးချိုတော်ကြီး၊ သုံးဆယ် စတီးကုမ္ပဏီ၊နယ်သပိတ်မှောက်ကျောင်း သားများ၊ ရေနံမြေသပိတ်တပ်သား များ ကလည်းရန်ကုန်မြို့သို့ရောက်ရှိပြီးတစ်နိုင်ငံလုံးရှိကျောင်းသားများကလည်း တစ်တိုင်းပြည်လုံးရှိကျောင်း များကို သပိတ်မှောက်ထားကြပါတယ်လို့ဦးလေးမောင်ပြုစုသည့် မြန်မာ့နိုင်ငံရေး သမိုင်းစာအုပ်တွင်ဖော်ပြထားပါတယ်။

          တစ်နိုင်ငံလုံးသပိတ်စုံနေသော ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးတွင်၉၁ ဌာန အုပ်ချုပ်ရေး၊ ဒေါက်တာဘမော်ဦးဆောင် သောညွန့်ပေါင်းအစိုးရပြုတ်ကျသွားခဲ့ပြီးချောက်ရေနံမြေသပိတ်များ အလုပ်သမားများ၊ ၏ တောင်းဆိုချက်များရရှိသွားခဲ့တယ်လို့ ၁၃ဝဝ ပြည့်အရေးတော်ပုံစာအုပ်ရေးသား၍ အမျိုးသားစာပေ ဒုတိယဆုရရှိ ခဲ့သူ ဆရာသီးဋ္ဌေးမော်က ပြောပါတယ်။

          ''နောက်ဆုံးမှာအောင်မြင်ခဲ့တယ်လို့ လဲပြောလို့ရတယ်ဗျာ၊နောက်ပြီးတော့ ရေ နံမြေများဆိုင်ရာ အလုပ်သမားအစည်း အရုံးလဲဖွဲ့စည်းနိုင်ခဲ့တယ်၊ ဒီ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးက မြန်မာနိုင်ငံ လွတ် လပ်ရေးအတွက်လဲ အလွန်အရေးပါတဲ့ အခန်းကပါဝင်ခဲ့တယ်ဗျ။မြန်မာ့နိုင်ငံရေး သမိုင်းမှာတော့အလွန်ကြီးမားတဲ့လူထု လှုပ်ရှားမှုကြီးလို့နိုင်ငံရေးသမားတွေကတော့ခံယူထားတာပဲ''လို့ ဆရာဋ္ဌေးမောင် ကရှင်းပြပါတယ်။

          ၁၃ဝဝ ပြည့်နှစ်ချောက်ရေနံမြေ မှစခဲ့သောလူထုအုံကြွမှုကြီးမှာအလုပ် သမားလယ်သမား၊ ဈေးသည်၊ ကျောင်းသား၊ ရဟန်းသံဃာများပါဝင် သော တိုင်းပြည်တစ်ခုလုံးအတိုင်းအတာ ဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန် အစ ပျိုးနိဒါန်းဆင်ခဲ့သောသမိုင်းဝင်၁၃ဝဝ ပြည့် အရေးတော်ပုံကြီးဖြစ်ပါတယ်။ ဒီ အရေးတော်ပုံကြီးကပဲသခင်မျိုးဟေ့ ဒို့ ဗမာအရေးတော်ပုံအောင်ရမည်ဟုကြွေးကြော်ခဲ့ကြသော မြန်မာနိုင်ငံဟာ ၁၃၄၇ ခုနှစ်တွင် အင်္ဂလိပ်နယ်ချဲ့အစိုးရ လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။

          အင်္ဂလိပ်နယ်ချဲ့လက်အောက်မှ လွတ် မြောက်၍ ကိုယ့်လူမျိုးကိုယ့်နိုင်ငံကိုယ့် အုပ်ချုပ်သော လွတ်လပ်သော နိုင်ငံတစ် ခုဖြစ်မြောက်လာပြီဆိုသော နယ်ချဲ့တိုင်းတစ်ပါးသားတို့ လက်အောက်တွင် အဖိနှိပ် ခံခဲ့ရသော အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူများဟာဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများကို ဆက်လက် ကြွေးကြော်တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

          လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါလီ မန်ဒီမိုကရေစီခေတ်၊တစ်ပါတီအာဏာရှင်၊ မဆလ ခေတ်၊ နဝတ၊ နအဖ ခေတ် အဆက်ဆက်တွင် ၁၃ဝဝ ပြည့်အရေးတော် ပုံကြီးရဲ့အလုပ်သမား၊လယ်သမား၊ ကျောင်းသား၊ ပြည်သူများ၏ တောင်းဆိုသံများဟာ တောင်းဆိုသံ အဖြစ်နှင့် သာတည်ရှိခဲ့ပြီးအကောင် အထည်ဖော်မှုမရှိခဲ့ပါဘူး။

          ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး တက်လာသော အစိုးရလက်ထက်တွင်လဲ အလုပ်သမားပြဿနာ၊ လယ်သမား ပြဿနာများဟာ ပြေလည်သွားခြင်းမရှိ ခဲ့ပါဘူးလို့ ၁၃ဝဝ ပြည့်အရေးတော်ပုံစိန်ရတု အောင်မြင်စွာ ဖြစ်မြောင်ရေး ကော်မတီ နယကသတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကပြောပါတယ်။

          ''ဒီအစိုးရလက်ထက်မှာလဲ အလုပ်သမားအရေးတွေလယ်သမား တွေအရေးမပြေလည်လို့ နေရာတိုင်းမှာ ပြဿနာတွေတက်နေတာပေါ့၊ အလုပ် သမား အရာရှိဆိုတာတွေကလဲပိုင်ရှင် တွေဆီက လာဘ်စားတယ်၊ အလုပ်သမား တွေကိုကျတော့ ဖိနှိပ်တယ်၊ အလုပ်သမား သမဂ္ဂတွေပေါ်ပေါက်အောင်လုပ်တယ်လို့သာပြောတယ်၊ အစိုးရကသိပ်မကြည် သလိုပဲအနိမ့်ဆုံးလစာသတ်မှတ်ချက်တွေ တောင်မရေမရာနဲ့ အလုပ်သမားတွေပြဿနာတတ်လို့ ညှိနှိုင်းဖြေရှင်းရေးဆိုတာ တွေကလဲ အလုပ်ရှင်ဘက်ကသာလုပ်နေ ကြတာပါ။ အခုလဲမဆလခေတ်က အတိုင်းသွားနေတာပါ''လို့ဟံသာဝတီဦး ဝင်းတင်ကပြောပါတယ်။

          လက်ရှိအစိုးရလက်ထက်တွင် စက်ရုံ အလုပ်ရုံများတွင်ဆန္ဒပြမှုများ လယ်ယာ မြေအသိမ်းခံရသောလယ်သမားများ၏ ဆန္ဒပြမှုများသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်းယနေ့အချိန်ထိဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ၁၃ဝဝ ပြည့်အရေးတော်ပုံကြီး ဟာလည်း ၇၅နှစ်မြောက်လို့စိန်ရတု တိုင်ခဲ့ပါပြီ။

          ၁၃ဝဝ ပြည့်စိန်ရတုအခမ်းအနားပွဲ များကိုချောက်ရေနံမြေသပိတ်ချီတက်ခဲ့ရာလမ်းကြောင်းရှိ မြို့များတွင် ပြုလုပ် သွားမှာဖြစ်ပါတယ်။ ချောက်ရေနံမြေ၊ ရေနံချောင်း၊မကွေး၊ မင်းလှ ၊ အောင်လံ၊ ပြည်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် ၁၃ဝဝ ပြည့်စိန်ရတုအခမ်းအနားပွဲများကိုကျင်းပပြီးအလုပ်သမားအခွင့်အရေးများ ကို တောင်းဆိုသွားမယ်လို့ ၁၃ဝဝ ပြည့်အရေးတော်ပုံမှစိန်ရတုအခမ်း အနား ဖြစ်မြောက်ရေးကော်မတီမှ ပြောရေးဆိုခွင့် ရှိသူဦးထွန်းကြည်ကဆိုပါတယ်။

          ''ရန်ကုန်မှာတော့ဒီဇင်ဘာလ ၁၉ ရက်နေ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မှာပြုလုပ်မယ်၊ မန္တလေးကတော့ ဖေဖော် ဝါရီလ ၂ဝ၊ ၂၁ ပေါ့၊ အာဇာနည် ၁၇ ဦး ကျဆုံးတာကို ဂုဏ်ပြုပွဲပါပါမယ်။ဒီစိန် ရတုဖြစ်မြောက်ရေး ကော်မတီကြီးက အလုပ်သမားတွေရဲ့အခွင့်ရေးကို ဆက်လက်တောင်းဆိုသွားမှာပါ''လို့ဦးထွန်းကြည်ကဆိုပါတယ်။

          ယခုလက်ရှိအလုပ်သမား၊ လယ်သမားများရဲ့အခြေအနေမှာခေတ်ကာလစနစ်များကြောင့်ပြောင်းလဲသွား သော်လည်း ၁၃ဝဝ ပြည့်နှစ်က တောင်းဆို ခဲ့ကြသော၁၃ဝဝ ပြည့်အရေးတော်ပုံ ၇၅ နှစ်မြောက်စိန်ရတုအခမ်းအနား ကျင်းပရေးကော်မတီကလည်းအလုပ်သမားလယ်သမားပြဿနာများကို ဆက်လက် တိုက်ပွဲဝင်ကြမှာပါလို့ ယင်းကော်မတီ၏ပြောရေးဆိုခွင့်ရှိသူဦးနေ ဝင်းစံကဆိုပါတယ်။

          ၁၃ဝဝ ပြည့်အရေးတော်ပုံ ၇၅ နှစ် မြောက်စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီ၏ ပူးတွဲကြေညာချက်တွင် အလုပ်သမားများအခွင့်အရေး အပြည့် အဝရရှိရေးအလုပ်သမားများသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရရှိရေး လယ်သမား များအခွင့်အရေးအပြည့်အဝရရှိရေးနှင့် မတရားအသိမ်းဆည်းခံလယ်သမားများအမြန်ဆုံးပြန်လည်ရရှိရေး ဒီမိုကရေစီ ပညာရေးစနစ်နှင့် ကျောင်းသားအခွင့် အရေးအပြည့်အဝရရှိစေရေးအချက်အပါ အဝင် ၆ ချက်ကိုကြေညာချက်ထုတ်ပြန် ထားပါတယ်။

          ၇၅ နှစ်မြောက် ၁၃ဝဝ ပြည့် အရေးတော်ပုံစိန်ရတုအခမ်းအနား များ ကျင်းပပြီးသမိုင်းတွင် အရေးတော်ပုံကြီးကို ပြန်လည်ပုံဖော်ကြပါတော့မယ်။လွတ် လပ်ရေးရပြီးချိန်မှစ၍ တိမ်းမြှုပ်ရခဲ့သော အရေးတော်ပုံကြီးသမိုင်းမှတ်တမ်းများအရေးတော်ပုံကြီးတွင်တောင်းဆိုခဲ့ကြ သောအလုပ်သမားအခွင့်အရေး များ လယ်သမားများအခွင့်အရေးများပြန်လည်တောင်းဆိုကြတော့မှာဖြစ်ပါတယ်။

          ခေတ်အဆက်ဆက်စနစ်အဆက် ဆက်က ပျောက်ကွယ်အောင်ဖုံးကွယ် ထားခဲ့သော မြန်မာ့နိုင်ငံရေးသမိုင်းထဲက ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးကို နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမား၊ လယ်သမားများ၊ ရဟန်း ရှင်လူကျောင်းသားပြည်သူများဟာ၇၅  နှစ်မြောက်စိန်ရတု မှာ သမိုင်းအမှန်ကိုပြန်လည်အသက်သွင်းကြတော့မှာဖြစ်ပါတယ်။ ၁၃ဝဝ ပြည့်အရေးတော်ပုံတွင် ကြွေးကြော် ခဲ့ကြသောအရေးတော်ပုံအောင်ရမည်၊ အရေးတော် ပုံအောင်ရမည် ဟူသော ကြွေးကြော် သံများသည်ယနေ့မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးစီးပွားရေး၊ပညာရေး၊ အလုပ် သမား၊ လယ်သမား၊ ကျောင်းသားများ၊ ပြည်သူများ၏နှလုံးသားထဲသို့ကူးစက်၍ သခင်မျိုးဟေ့ဒို့ဗမာ ဟူသောစကားအ တိုင်း ကျွန်စိတ်မမွေးဘဲသခင်စိတ်မွေးကြပြီး၁၃ဝဝ ပြည့်အရေးတော် ပုံကြီးအောင်မြင်ခဲ့သလို ပြည်သူလူထုက အောင်မြင်မှုတွေရလိမ့်မယ်လို့ယုံကြည်ပါ တယ်။

ဝင်းဇော်နိုင်

No comments:

Post a Comment

ကန်ဘောင်ပေါ်က အလွမ်းတွေနဲ့ စွယ်တော်တန်းက အရိပ်တွေ

နိုဝင်ဘာညတွေဟာ တစ်ကယ်တော့ အတော်ကို ရှည်လျားလွန်းပါတယ်၊ ညတန်ရှည်တဲ့ ဟောဒီဆောင်းကို ရောက်မှာတော့ အခု ကြောက်တက်နေပြီ၊ ညတန်ရှည်လေ အိပ်မက်က နှိပ်...